ရင်သွေးငယ်များအတွက် အာနာပါန သတိ (၁) ရက် သင်တန်း

2025-05-16T16:16:21
အားလုံး မင်္ဂလာပါ။
မနက်ဖြန်ဆိုရင် ရင် သွေးငယ်တွေအတွက် အာနာပါန သတိ(၁) ရက် သင်တန်း စတော့မှာဖြစ်ပါတယ်။ သင်တန်းကို ကလေးငယ် အသက်အရွယ်အလိုက် နှစ်ရက် ခွဲထားပါတယ်၊ ပထမတစ်ရက်ကတော့ ၈ နှစ်မှ ၁၂ နှစ် အတွက် ဖြစ်ပြီး၊ ဒုတိယတစ်ရက်ကတော့ ၁၃ နှစ်ကနေ ၁၆ နှစ် အတွက်ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဆရာ ဆရာမတွေ ရောက်ရှိလာပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးငယ် ၁၀ ယောက်ကို ဆရာ/ဆရာမ တစ်ယောက်က တာဝန်ယူတာဖြစ်ပါတယ်။
ဒီသင်တန်းနာမည်က အာနာပါန သတိ ဆိုတာမို့ ခက်နက်နဲမှာပဲ လို့ ထင်ကောင်းထင်မိနိုင်ပါတယ်။ ဒါပေမယ့် သင်တန်းမှာ သင်ပြမယ့်အရာတွေက ပေါ့ပါးရိုးရှင်းပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကလေးငယ်တွေ ကိုယ်ချင်းစာစိတ်ထားအောင်အောင် နဲ့ မိမိတို့ရဲ့ စိတ်ကို ပြန်သတိထားကြည့်‌တတ်အောင်ပါ။
ကိုယ်ချင်းစာစိတ်ထားတတ်အောင် သင်ပေးတဲ့ နေရာမှာလဲ ရိုးရှင်းပါတယ်။ သူတစ်ပါးက ကိုယ့်အသက်ကို သတ်တာကြိုက်လား၊ ကိုယ့်ပစ္စည်းကို ခိုးယူတာ ကြိုက်လား၊ ကိုယ့်ကို လိမ်ပြောရင် ကြိုက်လား စသည်ဖြင့် အစချီပြီး ဒါမျိုးတွေ ကိုယ့်ကိုလုပ်တာ မကြိုက်ရင် ကိုယ်ကလဲ သူတစ်ပါးကို မလုပ်ဖို့ တစ်ခုချင်းရှင်းပြပြီး၊ ကိုယ်ချင်းစာတတ်ဖို့ ရိုးရိုးရှင်းရှင်း သင်ပေးတာပါ။
အခု အားထုတ်တဲ့ တရားက ဆရာကြီး ဦးဂိုအင်ကာက သင်ကြားပေးတာ၊ ဆရာကြီးဦးဂိုအင်ကာရဲ့ဆရာက ဆရာကြီးဦးဘခင်၊ ဆရာကြီးဦးဘခင်ရဲ့ဆရာက အနာဂါမ် ဆရာ သက်ကြီး၊ ဆရာသက်ကြီးရဲ့ ဆရာက လယ်တီဆရာတော်၊ လယ်တီဆရာတော် ရဲ့ ဆရာက မြတ်စွာဘုရား၊ မြတ်စွာဘုရားက လေးအသင်္ချေ ကမ္ဘာ တစ်သိန်းပါရမီဖြည့်ကျင့်ခဲ့မှ ဒီတရားတွေကိုသိပြီး ဟောကြားနိုင်ခဲ့တာ။ ဒါကြောင့် အခု သားတို့သမီးတို့ ဒီတရားအားထုတ်ခွင့်ရတယ်ဆိုတာ အရမ်းကံကောင်းတာ၊ စသည်ဖြင့် ။
ကလေး တွေ နားလည်လွယ်တဲ့ ပုံပြင် ဇတ်လမ်းလေးတွေနဲ့ ရှင်းပြတာတွေပါပါတယ်။ အသေးစိတ်မပြောတော့ပါ။
ဒီမှာ ကျွန်တော် သဘောကျတာ တစ်ခုကတော့ ကလေးတွေကို သင်ပြီးပြီးရော ထားလိုက်တာ မလုပ်ပါဘူး။ အချိန်ပိုင်းအလိုက် သင်ကြားမှုတစ်ခု ပြီးတိုင်းမှာ အုပ်စုလိုက် ဆရာ/ဆရာမတွေနဲ့ counselling လုပ်ပါတယ်။ ဆရာတွေက သင်ကြားလိုက်တဲ့ အရာအပေါ်မှာ ကလေးတွေ နားလည်မှုရှိမရှိ မေးခွန်းထုတ်တာ၊ ပြန်ပြီးရှင်းပြ ပြောပြတာတွေကို အုပ်စုလိုက်လုပ်ပါတယ်။ သင်လိုက် ဆွေးနွေးလိုက်၊ တရားထိုင်လိုက်ဆွေးနွေးလိုက် စတာတွေလုပ်ပြီး တစ်နေ့တာကုန်ဆုံးသွားစေတာပါ။
ကလေးငယ်တွေပျော်ရွင်အောင် မနက်ခင်း မုန့်နဲ့ နွားနို့၊ နေ့လယ်စာ သက်သတ်လွတ် ခေါက်ဆွဲကြော်/ ကြာဇံကြော် စသည်ဖြင့်၊ ညနေဆိုရင် လဲ မုန့် တစ်မျိုးမျိုး စီစဥ်လှူဒါန်းထားပေးပါတယ်။
ကလေးတွေ ကိုယ်ချင်းစာစိတ်ထားတတ်အောင်၊ ကုသိုလ်/အကုသိုလ်စိတ် ခွဲတတ်အောင်၊ ပုံမှန် တရားထိုင်တဲ့အလေ့အကျင့်လေးရအောင် သင်ကြားပေးတဲ့ သင်တန်းလေးဖြစ်တာမို့ သဘောကျမိပါတယ်။ "the Child is Father of the Man" ဆိုသလို နောင်အနာဂါတ်မှာ ဦးဆောင်နေရာ ယူကြမယ့် ကလေးငယ် တွေဟာ အနည်းဆုံးတော့ ကိုယ်ချင်းစာစိတ်ရှိဖို့ အရေးကြီးပါတယ်။
ဒါကြောင့်မို့ မိုးတွေ ဘယ်လိုရွာရွာ ဒီ သင်တန်းလေး အဆင်ပြေပြေ ဖြစ်မြောက်သွားဖို့ ဒီကနေ့ရိပ်သာကို သွားပြီးလုပ်အားပေးခဲ့တာဖြစ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
@princekham
16th May 2025
Myanmar
225
12
1.50
12 Replies