တရားစခန်းအတွက် ဆောက်ဖြစ်တဲ့ အင်ဂျင်ဝိုင်ဟောင်း မီးဖိုလေး

2025-04-29T12:15:33
အားလုံး မင်္ဂလာပါ။
ဒီမီးဖိုလေးလုပ်ဖို့ လုပ်ဖို့ စခဲ့တာက ၂၉ ရက်နေ့ အောက်တိုဘာ ၂၀၂၄ကပါ။ ရိပ်သာမှာ ဂေါပက အဖွဲ့ဝင် ဦးစိုင်းလုံက ၂လက်မပိုက်၊ ငါးမူးပိုက်နဲ့ aircon gas ဖြည့်အိုးတွေကို အင်ဂျင်ဝိုင် မီးဖိုလုပ်ဖို့ သံအဟောင်းဆိုင်က ဝယ်လာတာက စတာပါပဲ။
အဲမတိုင်ခင် အင်ဂျင်ဝိုင် ဟောင်းမီးဖိုလုပ်ဖို့ ရိပ်သာက ဥက္ကဌနဲ့ ဦးစိုင်းလုံတို့က ဆုံးဖြတ်ပြီးသား၊ ဒါပေမယ့် ဘယ်လောက်ထိ အသုံးဝင်မယ်၊ ဘယ်သူလုပ်မယ်ဆိုတာ မသိကြသေးဘူး။ အဲဒါနဲ့ ကျွန်တော်လုပ်မယ်ဆိုပြီး ကမ်းလှမ်းဖြစ်ခဲ့တယ်။ ကျွန်တော်က လုပ်ဖို့ ဝရိန်စက် ဖြတ်စက် စတာတွေရှိပေမယ့် ၊ ဝရိန်လက်ရာက သိပ်ကောင်းတာမဟုတ်၊ ဖြစ်ရုံ ဆောက်တတ်ရုံပါပဲ။ ဦးစိုင်းလုံတို့ကလည်း အခြား အပ်ခိုင်းရင်လဲ စရိတ်ကုန်မယ်၊ ပြီးတော့ ရလာပြီးရင်လည်း ဘယ်လောက်ထိ အဆင်ပြေမယ် မသေချာလို့ ထင်ပါတယ် ကျွန်တော်ကမ်းလမ်းတာကို သူတို့ လက်ခံခဲ့တယ်။
မီးဖို ဆောက်တာက သိပ်တော့မွယ်ပါဘူး။ ဦးစိုင်းလုံ ဝယ်ထားတဲ့ သံပိုက်က GI ပိုက်မဟုတ်လို့ ကျွန်တော်ကိုယ်တိုင် အေးသာယာ စက်မှုဇုန်ဆင်းပြိး အရစ်ဖော်ရတယ်။ အပေါက်ဖောက်တဲ့ အပိုင်းတော့ ကျွန်တော့်အိမ်မှာလုပ်တယ်။ ဒီဇိုင်း အိုင်ဒီယာတွေကို ဦးစိုင်းလုံက viber , messenger ကနေပို့ပို့လာပေးတယ်။
ကျွန်တော်ကလည်း ကောင်းမယ်ထင်တဲ့ ပစ္စည်းလေးတွေရွေးတယ်။ 2" socket, elbow တွေ၊ အိမ်မှာရှိတဲ့ ပီပါအဖုံးတွေကို ဆက်ပြီး အောက်ခံပြား အနေနဲ့သုံးတယ်။ အဲတုန်းက သံပြားရောင်းတဲ့ ဆိုင်မသိသေးလို့။ အောက်က ရေလုံအောင်ဆော်ရတယ်။ ရေထည့်ပြီး စစ်လိုက် ဆောက်လိုက်နဲ့ပေါ့။
အဲဒါနဲ့ နိုင်ဝင်ဘာ ၁၉ ရက်နေ့ ၂၀၁၄ မှာ ဆောက်ထားတဲ့ မီးဖိုလေးကို မီးစမ်းဖြစ်ခဲ့တယ်။နိုဝင်ဘာ ၂၉မှာ မီးဖိုကို ရိပ်သာယူသွားစမ်းတယ်။ အဆင်ပြေတယ်။ ဒါမယ့် မီးအားက ကျေနပ်လောက်အောင်မကောင်းဘူး ထင်ပါတယ် မှတ်မိသလောက်။
အဲဒါနဲ့ လေပေါက်ကို ပုံစံအမျိုးမျိုးနဲ့ ထပ်စမ်းတယ်။ လေပေါက် အစောင်းလေး ဖောက်ပြီးလဲ စမ်းတယ် (နိုင်ဝင်ဘာ ၃၀ ရက်နေ့)။ မီးဖိုကို လဲ ရှည်တယ်ထင်လို့ နဲနဲ ဖြတ်ပြီးစမ်းတာတွေလုပ်တယ်။ မီးအားက တိုးမလာဘူး။ ။ စမ်းတာက အမျိုးမျိုးပါပဲ မီးဖိုဆိုလဲ ဆက်ရာနဲ့ ၊ လေပေါက် ပိုက်ဆိုလဲ သုံးချောင်းလောက်နဲ့ အပြန်အလှန်စမ်း။
အဲဒါနဲ့ လုပ်ရင်ကိုင်ရင်းနဲ့ မီးအားကောင်းလာတယ်ထင်ပါတယ်။
အဲဒါနဲ့မီးအားကောင်းလို့ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ အင်ဂျင်ဝိုင် ဝင်ပိုက်လိုသေးတယ်။ ထပ်လုပ်ပေါ့နော်။ တပ်ပြီးတော့ ရိပ်သာမှာ demonstrate လုပ်ရတာပေါ့နော်။ ရိပ်သာကလူတွေ လက်ခံဖို့လည်းလိုသေးတယ် မဟုတ်လား။ တော်တော်များများက သဘောကျကြပါတယ်။ ရဲဘော်ဆက်လုပ်ပေါ့။ အဲဒါနဲ့ မီးအားကောင်းအောင် ဟိုစမ်းဒီစမ်းထပ်လုပ်တယ်။ နောက်ဆုံး လေပေါက်ပိုက်မှာ အလယ်က အပေါကါအချို့ကို လျော့လိုက်မှ မီးညွှန့်က အပေါ်ကို တက်လာပြီး မီးအားကောင်းကောင်းရတော့တယ််။ မီးအားက လေပေါက်ပိုက် ပေါ်က လေပေါက်သေးလေးတွေ တည်နေရာနဲ့ အရေအတွက် ပေါ်မှာ မူတည်တယ် ပြောရမှာပါ။ မီးတောက်ကလဲ အပြာရောင်ရတယ်။ အရမ်းကျေနပ်ဖို့ကောင်းပါတယ်။ ကျွန်တော် အိမ်သုံးဖို့ဆိုပြီး ထပ်တစ်လုံးဆောက်ဖြစ်ခဲ့တယ်။
ဒါနဲ့ မပြီးသေးဘူး ရိပ်သာမှာ သုံးဖို့လုပ်ရပါတယ်။ aircon gas အိုးနဲ့လုပ်ထားတော့ မီးများရင်ပေါက်မှာစိုးတယ့်တဲ့။ အဲဒါနဲ့ အင်္ဂတေလောင်းဖို့လုပ်တယ်၊ လက်ကိုင်လေးနဲ့ ။ အိုးတွေတင်ဖို့ ဖိုခနောက်လေးပါလုပ်ထားရတယ်။ လူက ဆောက်တာဆောက်နေတာ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးက ကိုယ့်ကို ဆွဲချနေသလိုပဲ။ တစ်ခုခု လုပ်ထားပြီး လူရှေ့သူရှေ့ချပြမယ် အချိန်ကျမှ အဖျားရှူးတတ်တာ ကျွန်တော့်အကျင့်။ အရင်ကလည်း project လေးတွေလုပ်ဖြစ်ပေမယ့် နောက်ဆုံး လူတွေကို ချပြရမယ့်အချိန်ကျတော့ သတ္တိမရှိခဲ့ဘူးလေ။
လူတွေကို ချပြတတ်ဖို့လိုတယ်။
တစ်ခါတစ်လေ ကျွန်တော် အလုပ် တွေလုပ်တယ်၊ နောက်ဆုံးလူတွေကို ချပြဖို့ကျတော့ အားမရှိနေတတ်တာ အကြိမ်ကြိမ်ကြုံဖူးပါတယ်။ ဘေးက တစ်ယောက်ယောက်က တွန်းအားပေးမှ ချပြဖြစ်တာများပါတယ်။ ပြန်သုံးတတ်ရရင် ကိုယ့်ကိုယ် ဒါမှမဟုတ် ကိုယ့်လုပ်ရပ်ကို သေးငယ်တယ်လို့ မတွေးသင့်ဘူးထင်ပါတယ်။ ပြီးတော့ လူ တစ်ဦးတစ်ယောက်က လက်ခံအတည်ပြုမှ ကိုယ့်လုပ်ရပ်က အရာရောက်တာလို့ မတွေးစေချင်တာပါ (ကိုယ့်ကိုယ်ကို အကြံပေးတာပါ)။
ဒီလိုနဲ့ မီးဖိုကို ဖြစ်အောင် အဆုံးသတ်လုပ်ဆောင်နိုင်ခဲ့တယ် ပြောရမှာပါပဲ။ perfect တော့ မဖြစ်နေဘူး။ ပုံမှာတွေ့တဲ့အတိုင်း အိမ်မှာရှိတဲ့ သံပြားကို အဝိုင်းလုပ်ပြီးအင်္ဂတေလောင်းခဲ့တယ်။အင်္ဂတေတွေတောင် အောက်က ယိုလို့ မရမက စက္ကူနဲ့ ပိတ်ခဲ့ရတယ်။
နောက်ပိုင်းကိုယ့်ကိုယ်ကို ဘာအားပေးသလဲဆိုရင် - ဖြစ်အောင်လုပ်ပါ။ ဖြစ်မြောက်အောင်လုပ်ပါ။ လူတွေကို ချပြဖို့ လည်း မကြောက်ပါနဲ့ ဆိုတာပါပဲ။
အခုတော့ ရိပ်သာမှာ ကျွန်တော်ဆောက်ဖြစ်ခဲ့တဲ့ မီးဖိုလေးကို သုံးတာ တရားပါတ် ၃ ပါတ်ရှိပြီထင်ပါတယ်။ အင်ဂျင်ဝိုင်မီးဖိုသုံးတာ ထင်းသုံးတာထက် စရိတ် ထက်ဝက် သက်သာတယ် ဆိုပါတယ်။ (အင်ဂျင်ဝိုင်ကို ဝယ်သုံးတာဖြစ်ပါတယ်။) တရားစခန်းရှိတဲ့အချိန် ရိပ်သာ ရောက်တဲ့အချိန်တိုင်း မီးဖိုလေးကို အသုံးပြုနေတာတွေ့ရတော့ အမြဲဝမ်းမြောက်ရပါတယ်။ သာဓု သာဓု သာဓုပါ။
အင်ဂျင်ဝိုင် ဆီဟောင်းမီးဖိုကို ကြာကြာတည်ရမယ့် ဟင်းရည်တို့ ရေနွေးတို့ တည်တဲ့အခါမှာ အင်ဂျင်ဝိုင် အစက်ချထားရုံနဲ့ မီးကြည့်စရာ သိပ်မလိုပဲ တည်ထားနိုင်တာမို့ တရားစခန်းက မီးဖိုချောင်းသမားတွေက သဘောကျကြပါတယ်။ အခြားဟင်းတွေချက်တဲ့နေရာမှာတော့ gas မီးဖိုကိုပဲ သုံးပါတယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
@princekham
29th April 2025
286
12
2.05
12 Replies