
ယနေ့ အမေ့ ပင်စင်သွားထုတ်သည်။ ယခုလက
ဖေဖော်ဝါရီလဆိုတော့ ရက်နည်းသည်။ ဒီတော့
ပင်စင် စောထုတ်ရသည်။ အမေ့ ပင်စင်
တလ 57800ကျပ်ရသည်။ ထိုငါးသောင်းကျော်
ကို တလချင်းထုတ်သည်။
အခြားသူများက ပင်စင်ကို သုံးလ ခြောက်လ
ပေါင်းပြီးမှ ထုတ်ယူသည်။ အမေ့ကတော့
လတိုင်းထုတ်ယူခိုင်းသည်။ ဟိုယခင်ကတော့
လစဉ် ပင်စင်ထုတ်ရတာပြဿနာမရှိပေ။
လုပ်ငန်းခွင်မှ ထုတ်ယူ၍ရသည်။

ယခုတော့ ကိုယ်တွေက မြိုပြင်ရောက်နေသည်။
ပင်စင်ထုတ်ဖို့ မြို့ထဲ တကူးတကသွားရသည်။
မြို့ထဲသွားပါက အိုးဝေခက ခြောက်ထောင်၊
ခုနှစ်ထောင်ပေးရသည်။ ကိုယ့်အမျိုးထဲမှ
အိုးဝေမောင်းသူရှိ၍ တစ်ခါတစ်လေ ခြောက်ထောင်
ငါးထောင် ပေးရသည်။
ဒီတော့ အမေ့ပင်စင်က ဟိုနှုတ် ဒီနှုတ်ဘာမှ
မကျန်ပေ။ ဆိုင်ကယ်အားသည့်
အချိန် ပင်စင်ကို သွားထုတ်မည်ဟု ပြောေသာ
အခါ အမေက စိတ်မချဟုပြောသည်။
တလ ငါးထောင် အိုးဝေခ ကုန်ပါစေတဲ့။
ဆိုင်ကယ်ဖြင့် သွားပါက အန္တရာယ်များ
သည်ဟု ပြောသည်။ အော် မိဘမေတ္တာ။

တခါ အမေက ပြောပါသေးသည်။ သူ့တူ
အိုးဝေမောင်းသူကို ငှားချင်၍လည်း ဖြစ်သည်
ဟုပြောသည်။ အမေ့တူ အိုးဝေသမား
ကလည်း ပုံမှန် သူယူနေကြဈေးအတိုင်း
မယူပါ။ ဈေးလျှော့ယူသည်။ တစ်ခါတစ်လေ
ကားခ မယူတတ်သေးသည်။
အမေသည် လူကြီးပီပီ တွေးတတ်သည်။
ပင်စင်ထုတ်တိုင်း သူ့တူ အိုးဝေသမားကို
အမြဲခေါ်စေသည်။ ထိုသို့ ခေါ်မှသာ သူ့တူကို
တွေ့ရ၊ စကားပြောရသည်။ နို့မို့ ဆွေမျိုးများ
အသွားအလာ ပြတ်မည်ဟု ပြောသည်။
မှန်ပါသည်။ လူတိုင်း ကိုယ့်ကိစ္စနှင့်ကိုယ်
ကိုယ့်ဘဝကို ကိုယ်တိုင်းရုန်းကန်နေရသည်။
အကြောင်းကိစ္စရှိမှသာ တွေ့ကြ ကြုံကြ
စကားပြောခွင့် ရကြပေသည်။ ရှေးလူကြီး
များ၏ အမြော်အမြင်ကြီးမှု တခုပင်ဖြစ်ပေ
သည်။
@htwegyi
21-2-2023