Europa League Final ကန်မယ့် နှစ်သင်းက ဟာသ။ မသိရင် ပြောင်နေသည့်အလား။ ဗိုလ်လုပွဲ ရောက်ထားတာမှ အားမနာ တသင်းနဲ့ တသင်း အပြိုင်အဆိုင်ကို ရှုံးနေကြတော့၏။ စနေနေ့ မနက် အစောမှာ ကစားသွားသည့် EPL Round 37 မှာ Man United ကော၊ Tottenham ကော ပြိုင်ဘက်တွေကို အသီးသီး ရှုံးနိမ့် သွားခဲ့ရ၏။ Man United က Chelsea ကို 1-0 ဖြင့် လည်းကောင်း၊ Tottenham က Aston Villa ကို 2-0 ဖြင့် လည်းကောင်း ရှုံးနိမ့် သွားခဲ့၏။
အဆိုပါ နှစ်သင်းက Round 36 မှာတုန်းကလည်း ရှုံးပွဲတွေ့ထားသေး၏။ United က West Ham ကို 0-2 နဲ့ Tottenham က Crystal Palace ကို 0-2 နဲ့ ရှုံးနိမ့်ခဲ့၏။ ခုဆို အမှတ်ပေးဇယားမှာ United က အဆင့် 16 Tottenham က အဆင့် 17 ဖြင့် တန်းဆင်းဇုန် 3 သင်းအထက်နားမှာ ကပ်ကပ်လေး ရပ်တည်နေကြ၏။
တန်းလည်း မဆင်းရဘူး ချန်ပီယံလည်း မဖြစ်နိုင် ဥရောပ ဝင်ခွင့်တွေလည်း မရမယ့် အတူတူဆိုပြီး ကန်ချင်သလိုတွေ ကန်နေကြလေသလားတော့ မသိပေ။ ခု Round 37 မှာဆို Chelsea နဲ့ Aston Villa ကို ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဆက်ရှင်သန်စေရန် တမင်များ အရှုံး ကန်ပေးလိုက်ကြလေလား မသိပေ။ အဆင့် 2 မှ အဆင့် 7 ထိ အသင်းတွေ အကုန်လုံး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်လို့ ရနေသေး၏။
EPL မှာ ချန်ပီယံ အသင်း၊ တန်းဆင်းရမယ့်အသင်းတွေ ထွက်ပေါ်လာခဲ့ပြီးပေမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ဝင်ခွင့် အတွက် Round 38 အထိ အကြိတ်အနယ် ယှဉ်ပြိုင်သွားရနိုင်၏။ ဘယ်သူတွေ ဘာပဲ ပြောပြော လာမယ့် Europa League Final မှာ ဗိုလ်စွဲတဲ့အသင်းက ချန်ပီယံလိဂ် ဝင်ကစားခွင့် ရမှာမို့ Man United နဲ့ Tottenham တို့က တပွဲတိုးပဲ ရုန်းတော့မည်ဟု တွေးထားကြသည် ထင်ပါ၏။ ဒီရာသီ 3 ကြိမ် တွေ့ဆုံထားမှုမှာ United တို့ Tottenham ကိုတပွဲမှ အနိုင်မရထားသေးပေ။ Europa League Final မှာတော့ အဆိုပါ မှတ်တမ်းကို ချေဖျက်ပြပြီး United တို့ ဗိုလ်စွဲ နိုင်မလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရမည် ဖြစ်၏။