ညည အစောအိပ်ဖြစ်တာကြာပြီ။ တလကျော်လောက် ရှိမည် ထင်၏။ မနက်ခင်း အစောထ ဖြစ်နေတာနဲ့ ညဘက် အစောအိပ် ဖြစ်သွားခြင်း ဖြစ်၏။ မနက်ပိုင်း အမေ့ကို ဆွမ်းတော်ကပ် ကူ၊ ဆွမ်းလောင်း ကူ ရသောကြောင့် အစောထ ဖြစ်နေခြင်း ဖြစ်၏။ အစောထရတော့ အစော အိပ်ရာ ဝင် ဖြစ်သွားတာပေါ့လေ။
အစောအိပ် ဖြစ်တယ် ဆိုပေမယ့်လည်း သိပ်အစော ကြီးတော့ မဟုတ်ပေ။ ယခင် အိပ်ရာဝင်ချိန်ထက် နည်းနည်းလောက်သာ စောခြင်း ဖြစ်၏။ ယခင်က 1 နာရီကျော် 2 နာရီမှ အိပ်ပေမယ့် ယခု 11 နာရီခွဲ၊ 12 နာရီလောက်ဆို အိပ်ပြီ။ အဲ့ထက်လည်း ပိုပြီးတော့ မနေနိုင်ပေ။ စိတ်က မအိပ်ဘူး တင်းခံလည်း မျက်လုံးတွေက သူ့သူ မှေးစင်းပြီး အိပ်ပျော် သွားလေ၏။ မနက် 6 နာရီ လောက်ကြ အိပ်ရာထ၏။
အိပ်ရာထဖို့ အစပိုင်းတော့ အမေ နှိုးပေးရပေမယ့် နောက်ပိုင်း ကိုယ့်ကို ထ၏။ နှိုးစက် ပေးထားဖို့လည်း မလိုပေ။ သူ့သူ အကျင့် ဖြစ်သွားခြင်း ဖြစ်၏။ ဆွမ်းလောင်းလှူပြီးရင်တော့ ပြန်အိပ်၏။ ဟီးဟီး။ ပြန် အိပ်တယ် ဆိုပေမယ့်လည်း တခါတလေတော့လည်း အိပ်ပျော်မပေ။ တခါတလေကျပြန်တော့ ညနေခင်း ပိုစ့်တင်ဖို့ စာကြိုရေးထားဖြစ်လေ့ရှိ၏။ အိပ်ရာနိုးစ၊ ကုသိုလ် ယူပြီးစ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ရှိနေချိန်လေး ပိုစ့် ရေးရတာကလည်း တမျိုးလေး ကောင်း၏။
နောက်ကျမှ အိပ်တုန်းက နောက်ကျမှ ထပြီး၊ အစောထရတော့ အစော အိပ်ရာ ဝင် ဖြစ်၏။ သူ့ဟာနဲ့သူတော့ အဆင်ပြေပါ၏။ နွေရာသီ ဆိုတော့ နေ့တာရှည်ပြီး ညတာ တိုသဖြင့် အိပ်ရေး မဝ သလိုတော့ ခံစားရ၏။ နေ့လည် ဘက်တွေတော့ မအိပ်ဖြစ်တော့ပေ။ တခါတလေ မနက်ဘက် ပြန် မအိပ်ဖြစ်လို့ နေ့ခင်းဘက် ခဏတဖြုတ် အိပ်တာတော့ ရှိ၏။ အိပ်တယ် ဆိုပေမယ့်လည်း လဲလျောင်း အနားယူတဲ့ သဘောမျိုးပါလေ။ အိပ်မပျော်တာ များ၏။
အိပ်ချိန် မှန်ဖို့ လိုသည် ဆို၏။ ကိုယ့်ကိုတော့ အိပ်ချိန် မှန်တယ် ထင်တာပါပဲ။ အိပ်ရာ ဝင်သည့် အချိန်သာ မမှန်ရင် မမှန်မယ် အိပ်စက်ချိန် နာရီတော့ ပြည့်မှီသည် ထင်ပါ၏။ အိပ်စက်ချိန် ပျမ်းမျှ 6 နာရီတော့ ရှိပါ၏။ အိပ်ရေးပျက်ရင် နောက်ရက် အိပ်ရာ ထချိန်က စလို့ တနေ့ကုန် နေရတာ အဆင်မပြေပေ။ လေးလံထိုင်းမှိုင်းပြီး နောက်နောက်ကျိကျိ ဖြစ်နေတတ်၏။ ထို့ကြောင့် တက်နိုင်သလောက် အိပ်ရေးဝအောင် ကျနော် အိပ်၏။ ကဲ ခုလည်း ညနေ အတွက် ပိုစ့် ရေးပြီးခဲ့ပြီမို့ ပြန် အိပ် ပါဦးမည်။
(photos created by Canva)