နေ့လည်ခင်းတုန်းက မိုး သဲကြီး မဲကြီးကို ရွာချ၏။ ပီဘိ မိုးတွင်းအလားနှယ်။ နွေက ပြီးသွားပြီလားဟု အမေ့ကို မေးကြည့်မိတော့ ကုန်တော့ မကုန်သေး။ ဒါပေမယ့် မိုးဦးစောလိမ့်မည်ဟု ဆို၏။ နယုန်ဆို မိုးရာသီ ရောက်ပြီတဲ့ ခုက ကဆုန် လဆုတ် ဆိုတော့ နယုန် ပြောင်းကူးတော့မှာမို့ မိုးလာတော့မှာဟု အမေက တဆက်ထဲ ဆိုလေ၏။
ရာသီဥတု ၃ ခုလုံးကိုတော့ သဘောကျပါရဲ့။ နို့ပေမယ့် တခြား ၂ ခုထက်စာရင် မိုးရာသီကိုတော့ သိပ် မကြိုက်လှပေ။ ခြေခင်း လက်ခင်းက မသာ၊ သွားရေး လာရေး ခက်နဲ့။ အဆိုးဆုံးက အဝတ်လှမ်းရ ပြုရသည့် ကိစ္စ ဖြစ်ချေ၏။ နေရောင် မရတော့ အဝတ်တွေက တော်တော်နဲ့ မခြောက်၊ အနံ့ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နဲ့။ အတော်ဆိုး၏။ ကားမဝယ် နိုင်သေးရကား တနေရာရာ သွားဖို့ ဆိုင်ကယ်သာ အားကိုးရသဖြင့် မိုးကာခြုံ၍ သွားလာရ၏။ မိုးကာက တကိုယ်လုံး မလုံပေ။ မိုးကြီးချိန်ဆို မိုးကာ ဝတ်ထားရဲ့သားနဲ့ အတွင်းထိပါ အစိုဓါတ်တွေ ရောက်၏။
အပြင်သွားရတာ အဆင်မပြေ၊ အဝတ်စို ခြောက်ဖို့ ခက်တာက လွဲရင် မိုးရာသီကို ကြိုက်ပါ၏။ မိုးအေးအေးမှာ ကော်ဖီ တခွက်နဲ့ စာဖတ်မလား၊ ရုပ်ရှင် ကြည့်မလား။ ဒါမှ မဟုတ် စောင်ခြုံပြီးပဲ အိပ်နေမလား၊ တယောက်ယောက်ကို လွမ်းမလားပေါ့။
ဒီနေ့ နေ့ခင်း ထရွာသည့် မိုးက ဆိုင်းမဆင့် ဗုံမဆင့်ကြီးရယ်။ မနက်ခင်း ခဏတော့ နေရောင် မြင်ရသေး၏။ ဆယ်နာရီ နောက်ပိုင်းမှာတော့ မိုးအုံ့လာခဲ့၏။ လေလည်း ငြိမ်သွား၏။ မိုးသားတွေလည်း ပိုလို့ မဲနက်လို့လာခဲ့၏။ နေ့လည် တနာရီ လောက်မှာ မိုး ရွာလေတော့၏။ ရေအတော်ပါ၏။ မနေ့ ညနေ ပိုင်းလောက်ကလည်း မိုးရွာသေး၏။ သို့ပေမယ့် ဒီနေ့ လောက်တော့ မကြီးပေ။ မနေ့ ရှေ့တနေ့က လျှော်ထားသည့် အဝတ်တွေ ခုထိ မခြောက်သေး။ နက်ဖြန် နေပြန်ပွင့်ရင်တော့ ခြောက်တန်ကောင်းပါရဲ့။
ပန်းကမ္ဘာကနေ ပြန်လာနိုင်ပြီမို့ လူက အဆင်ပြေပေမယ့် ရာသီဥတုက အဆင်မပြေနေပေ။ Hive ဈေးလေးများ ကောင်းရင်တော့ ကားဝယ်စီးပြီး မိုးထဲ ရေထဲ လမ်းသလား ပစ်လိုက်ပါဦးမည်။