ဂရုစိုက်ကြပါ

2025-05-17T11:32:48
မနေ့ည ၁၂ နာရီလောက်က massage ဝင်လာ၏။ လေဖိအားနည်း ရပ်ဝန်းနဲ့ ပတ်သက်ပြီး မိုး/ဇလက အသိ၊ သတိပေးတဲ့ massage ဖြစ်၏။ တနင်္ဂနွေနေ့ည တနည်းအားဖြင့် တနင်္လာနေ့ မနက် ၁၂ နာရီခွဲမှာလည်း massage ဝင်ထားသေး၏။ အဆိုပါ massage ကိုတော့ သတိမထားမိလိုက်ပေ။ ထိုနေ့က အစောအိပ်ပျော်သွားခဲ့၏။
တနင်္လာနေ့ massage မှာ ကတည်းက ဧပရယ် ၁၈ ရက်နေ့အထိ နိုင်ငံ အနှံ့အပြား မိုးကြီးနိုင်ကြောင်း ပြောထား၏။ အဲ့တာကို ကိုယ်က မဖတ်ထားမိဘဲ မိုးကလည်း ဘာလို့ ဒီလောက်ထိ ရွာရတာလဲပေါ့။ ခု massage ထပ်ဝင်မှပဲ ဪ ဒါကြောင့်ကိုးပေါ့။ ခု massage မှာတော့ ရက် ထပ်တိုးသွားခဲ့၏။ ၂၀ ရက်နေ့အထိဟု ပါရှိလေ၏။
မိုးသည်းထန်စွာ စပြီး ရွာသည့်နေ့က ကျနော်တို့မြို့၏ ရပ်ကွက်အချို့မှာ ရေကြီးလို့ အုတ်နံရံပြိုကာ ထိခိုက် ဒဏ်ရာ ရသူတွေပါ ရှိခဲ့၏။ ရေဆိုးမြောင်းတွေ အမှိုက်သရိုက်များကြောင့် ပိတ်ကာ ရေကြီး ရေလျှံခြင်းကို ဖြစ်ပေါ်စေ၏။ သဘာဝကတော့ သူ့သဘော သူ့ဆောင်ရုံသာ။ ကျနော်တို့ လူသားတွေ စည်းကမ်းမဲ့ခြင်း ကြောင့်သာ အခုလိုတွေ ဖြစ်ရခြင်း ဖြစ်၏။ အမှိုက်ကို သတ်မှတ်နေရာမှာ မပစ်ဘဲ စည်းကမ်းမဲ့စွာ ရေမြောင်းတွေထဲ ပစ်ချခြင်းတွေကြောင့်လည်း ပါ၏။
လူဦးရေ ထူထပ်လာခြင်း နှင့်အတူ စည်းကမ်းမဲ့ခြင်းကပါ ကြီးထွားလာသဖြင့် ခုလိုတွေ ဖြစ်ရခြင်း ဖြစ်၏။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေမြောင်းတွေ ရေစီးရေလာ ကောင်းအောင် အမှိုက်များ ဆည်ယူခြင်း၊ အမှိုက်ပစ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း အရေးယူခြင်းများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်သင့်၏။ ခုက မိုးရာသီရောက်လို့ မိုးကြီးကြီး ရွာပါက ရေကြီးပြီး ဒုက္ခရောက်ရသည့် ရပ်ကွက်တွေက ရှိနေမြဲပင်။
အမေစု အစိုးရ လက်ထက်တုန်းကတော့ မိုးကြီး ရေများရင် ရေကြီး ရေလျှံလေ့ ရှိသည့် ရပ်ကွက် နေရည အချို့ကို ရေစီး ရေလာ ကောင်းအောင် ပြုလုပ်ပေးတာမျိုးတွေ ရှိခဲ့၏။ အဆိုပါ နေရာက သူတွေအဖို့ ယခင်လို မိုးများကြီးရင် ဆိုသည့် စိုးရိမ် ပူပန်မှုမျိုး မရှိတော့ပေ။ စိတ်အေး လက်အေး နေနိုင်မည် ဖြစ်၏။
မြို့ပေါ် ရပ်ကွက်နေသူတွေ အတွက် စိုးရိမ်ရသလို အင်းလေး၊ အောင်ပန်း၊ ကလောက သူတွေ အတွက်လည်း ပူပန်ရသေး၏။ မနှစ်က အဆိုပါ ဒေသတွေမှာ ရေဘေးဒဏ် ခံလိုက်ရသေးသည် မဟုတ်လား။ အင်းလေးဒေသမှာ စံချိန်တင် ရေကြီး ရေလျှံမှု ရေဘေးဒဏ်ကို ခံစားခဲ့ကြရ၏။ ပြီးခဲ့သော လပိုင်းကလည်း ငလျင်ဒဏ်ကို ခံထားရပြန်သေး၏။ ခု မိုးက ထပ်လာ လေပြန်ပြီ။ ဒီထက် တိုးမလာ၊ ဆိုးမလာဖို့ပဲ ဆုတောင်းနေမိ၏။ ကိုယ်တွေ မှာလည်း အဆိုးပြီး အဆိုးချည်းပင်။ အဆိုးတွေ ကုန်လို့ အကောင်းတွေ မြန်မြန်ရချင် ရောက်ချင်ပါပြီလေ။
147
7
0.61
7 Replies