အဖိုးလေး

By @leeshang4/18/2018myanmar

https://steemitimages.com/DQmYUZaXgsVEQEkA9S49iEu9MQzbX6PGiDNxEFZa6YVT8Lc/IMG_20180418_215534.jpg
photo credit by facebook
ကြာပန်းတွေနဲ့ပြည့်နေတဲ့ကန်ရေပြင်ကြီးရယ် ကန်ရေပြင်ကိုဖြတ်ပီးဆောက်ထားတဲ့ တံတားလေးရယ် တံတားအဆုံးမှာတည်ထားတဲ့စေတီလေးရယ်ကို ဘယ်အချိန်ပဲကြည့်ကြည့် စိတ်ထဲမှာကြည်နူးမိတယ်။စေတီလေးဘေးက ခရေပင်တန်းကြီးကို မျက်စိတဆုံးမျှော်ကြည်မြိတော့ ခရေပင်တန်းရဲ့အဆုံးမှာပြေးလွှားဆော့နေတဲ့ ကလေးတစ်ယောက်ကို ချစ်ချစ်ခင်ခင်ကြည့်နေတဲ့ အဖိုးကြီးတစ်ယောက်ကို လွမ်းစရာတွေထဲက တစ်ခုအနေနဲ့ မှတ်မှတ်ထင်ထင်ကိုယ်မြင်မိတယ်။

ကြာပန်းတွေကို ငယ်ငယ်ထဲကသဘောကျတတ်တဲ့ ကိုယ်က "ဘဘတို့ဆီမှာ ကြာဖြူ ကြာနီ ကြာဝါတွေ အများကြီးရှိတယ် လိုက်ခဲ့မလားလို့" ခေါ်တတ်တဲ့ ကိုယ့်အဖိုးရဲ့ညီ အဖိုးလေးစကားကိုယုံပီးတော့ အဖိုးလေးအိမ်ကို လိုက်သွားခဲ့တဲ့အချိန်တုန်းကတော့ ကိုယ် မူလတန်းကျောင်းသူလေးပေါ့။

ကြာကန်ကြီးပေါ်ကနေဖြတ်ပီး လမ်းမလျှောက်ရဲတဲ့ကိုယ့်ကို အဖိုးလေးကကျောပိုးပီးခေါ်တတ်ခဲ့တယ်။အဲဒီအချိန်တုန်းကတော့ အဖိုးလေးမှာ အားအင်တွေအပြည့်နဲ့ သန်မာတုန်းပေါ့။အဖိုးလေးရဲ့အိမ်နဲ့ ကိုယ်တို့အိမ်နဲ့က ကြာကန်လေးတစ်ခုပဲခြားတော့ ကိုယ့်ကိုချစ်လွန်းတဲ့အဖိုးလေးက နေ့တိုင်းကြာပန်းလေးတစ်ပွင့်ခူးပီး ကိုယ့်ဆီကိုရောက်အောင်လာခဲ့တယ်။
https://steemitimages.com/DQmPGp6iErdpsy33A31sJCKu3kv2xsY5d2g2X47TgiUVASe/FB_IMG_1524065057980.jpg
photo credit by facebook
ပြန်ခါနီးတိုင်းလည်း ကြာဖြူ ကြာနီ ကြာဝါတွေရှိတယ်ဆိုကာ ကိုယ့်ကိုဆွဲဆောင်ပီး သူ့အိမ်ကိုခေါ်တတ်တယ်။တစ်ခါ နှစ်ခါမကတော့ မဟုတ်မှန်းသိလာပေမယ့်လည်း အဖိုးလေးစကားကို ယုံကြည်ပီးအဖိုးလေးအိမ်ကိုလိုက်မိတုန်းပဲ။ကိုယ့်အဖိုးကတော့ သူ့ညီကို ငါတို့မြေးကိုငါတို့ ချစ်ပါရစေအုန်းကွာ မင်းချည်းပဲခေါ်နေတာပဲဆိုပီး ပြောတတ်လေရဲ့။

ကိုယ်အရွယ်မရောက်သေးတဲ့အချိန်မှာ ကိုယ့်ဆီကိုနေ့တိုင်းလာတတ်တဲ့အဖိုးလေးက ကိုယ်အလယ်တန်းပီးသွားတဲ့အချိန်မှာတော့ ကိုယ့်ဆီကိုနေ့တိုင်းမလာနိုင်တော့ဘူး။ဇရာရဲ့ ရိုက်ခတ်မှုတွေကြောင့် အိမ်ပေါ်နဲ့ အိမ်အောက်ဆင်းရင်တောင် အဖိုးလေးမောနေတတ်ခဲ့ပီလေ။
https://steemitimages.com/DQmYfxuHRvTbz8WdmrRvqZU5tQdjJ77dCjqET3GsX8TVLQB/FB_IMG_1524065019901.jpg
photo credit by facebook
ကိုယ်ကျောင်းပိတ်ရက်တိုင်း အဖိုးလေးဆီကိုသွားဖြစ်ခဲ့တယ်။သွားတွေကျိုးနေပီဖြစ်တဲ့အဖိုးလေးက ကိုယ့်ကိုဝမ်းသာအားရဆီးကြိုတတ်ခဲ့တယ်။ကိုယ်က အဖိုးလေးကြာနီ ကြာဝါတွေမပွင့်သေးဘူးလားလို့မေးတိုင်း သွားကျိုးလေးထဲကလေတွေထွက်တဲ့အထိ ရယ်မောနေတတ်ပီး "ညည်း တော်တော်အမှတ်သညာကြီးတဲ့ ကလေးမပဲ" ဆိုပီးပြောတတ်သေးရဲ့။

ကိုယ်ဆယ်တန်းတက်တဲ့နှစ်မှာတော့ အဖိုးလေးဆီသိပ်မရောက်ဖြစ်ခဲ့ဘူး။ကိုယ်ဆယ်တန်းနှစ်ဝက်လောက်မှာတော့ အဖိုးလေးကဆိုက်ကားကြီးစီးပီး ကိုယ့်ဆီကိုရောက်လာခဲ့တယ်။ကြာကန်ကြီးပေါ်က တံတားလေးပေါ်မှာလမ်းလျှောက်ရအောင် ငါ့မြေးရယ်တဲ့လေ။

ဒါနဲ့ကိုယ်လည်းအဖိုးလက်ကိုတွဲပီး ကြာကန်ကြီးဘက်ကိုထွက်လာမိတယ်။ကြာကန်ပေါ်မှာဖြတ်ဆောက်ထားတဲ့ တံတားလေးကတော့ ဟိုးအရင်ကအချိန်တွေတုန်းကလိုတော့ သစ်လွင်မနေတော့ဘူးပေါ့။တံတားလေးကို ဖြတ်တဲ့အချိန်မှာတော့ တုန်ရင်နေတဲ့လက်တစ်စုံက ကိုယ့်ကိုအားကိုးတကြီးတွဲထားလေရဲ့။

တံတားလေးပေါ်မှာထိုင်ပြီး အဖိုးလေးအမောဖြေနေတဲ့အချိန်မှာ ကိုယ် အတွေးမျိုးစုံတွေးဖြစ်တယ်။အရင်အချိန်တွေတုန်းက ကိုယ့်ကိုကျောမှာပိုးပီး ဒီတံတားလေးကို တစ်နေ့တည်းကြိမ်ဖန်များစွာ ဖြတ်ခဲ့ဖူးတဲ့သူတစ်ယောက်က ခုတော့ဒီတံတားလေးကို တစ်ခေါက်ဖြတ်ဖို့အတွက် လူတစ်ယောက်ရဲ့အကူအညီကိုယူနေရပီလေ။တံတားလေးမဆုံးခင် ဘယ်နှခေါက်မှန်းမသိနားရတယ်ဆိုတော့ အဖိုးလေးစိတ်ထဲမှာ အားငယ်စိတ်ဝင်မှာစိုးလို့ "အဖိုးလေးဒီလိုသာနားနေရင် အဖိုးလေးဟိုဘက်ကမ်းရောက်ရင် အဖွားလေးတော့ နောက်ရည်းစားရနေလောက်ပီ"လို့ ကိုယ် စနောက်တိုင်း "မင်းအဖွားလေးကရုပ်ဆိုးလို့ငါကလွဲရင် ဘယ်သူမှသူ့ကိုကြိုက်မှာမဟုတ်ပါဘူးကွာ"ဆိုပီး ပြန်ချေပတတ်သေးရဲ့။

ဒီတံတားလေးပေါ်မှာ ငါ့မြေးနဲ့နောက်တစ်ခါလျှောက်ရဖို့ဆိုတာ မသေချာတော့ဘူးမြေးရဲ့ အဲ့ဒါကြောင့် ငါ့မြေးနဲ့အကြာကြီးအတူရှိချင်လို့ ဖြည်းဖြည်းလျှောက်နေတာလို့ ပြောတတ်သေးတယ်။

ကိုယ်ဆယ်တန်းအောင်ပီးလို့ မြို့မှာတက္ကသိုလ်သွားတတ်တဲ့အချိန်မှာတော့ အဖိုးလေးကိုယ့်ကိုလွမ်းနေမှာဆိုတာ ကိုယ်အတပ်သိခဲ့တယ်။ကျောင်းပိတ်ရက်တိုင်းအဖိုးလေးဆီ ကိုယ်ရောက်အောင်သွားခဲ့တယ်။ကိုယ့်ကိုမျှော်နေတတ်တဲ့အဖိုးလေးက ကိုယ်လာရင်စားဖို့ ကိုယ့်အကြိုက်ဟင်းတွေကို သူ့သမီးတွေကိုချက်ခိုင်းပီး ဟိုးအရင်ကလိုပဲ ကိုယ့်ကိုကျွေးနေတုန်းပဲလေ။

ကိုယ်တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တဲ့အချိန်မှာတော့ အဖိုးလေးလေဖြတ်ပီး အိပ်ယာထဲလဲသွားခဲ့တယ်။ကိုယ်အဖိုးလေးသတင်းကို ကြားကြားခြင်း ရွာကိုပြန်လာခဲ့တယ်။ကိုယ့်ကိုမြင်ရင် အဖိုးလေးဝေဒနာတွေများသက်သာသွားမလားဆိုတဲ့ အတွေးနဲ့ပေါ့။

အားအင်ကုန်ခမ်းနေပီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်အတွက် လေဖြတ်သွားတဲ့ ဝေဒနာကသက်သာမလာခဲ့ပါဘူး။ကံကောင်းတယ်လို့ပဲဆိုရမလား လမ်းမလျှောက်နိုင်တော့တဲ့ အဖိုးလေးက စကားတော့ပြောနိုင်သေးတယ်တဲ့လေ။

ဘွဲ့ရပီးတာနဲ့ အလုပ်တန်းရတဲ့အတွက် ကိုယ်အရမ်းပျော်မိတယ်။အလုပ်တစ်ခုလိုအပ်နေတဲ့အချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အလုပ်ကိုလည်း ကိုယ်ကျေးဇူးတင်မိတယ်။ကိုယ့်မှာရည်ရွယ်ချက်တစ်ခုရှိနေတယ်ကွယ်။

ကိုယ်ပထမဆုံးထုတ်တဲ့လစာနဲ့ အဖိုးလေးအတွက် wheel chair တစ်ခုဝယ်ခဲ့တယ်။အဲဒီ wheel chair လေးပေါ်မှာအဖိုးလေးကိုတင်ပီး ကြာကန်လေးပေါ်က တံတားလေးပေါ်မှာ လမ်းလျှောက်ရင်းစကားတွေပြောချင်သေးပါရဲ့။

@leeshang
MSC -230

78

comments