"လဒ"

By @kyawhlaing6/28/2018myanmar

အလွန်သန်မာဖျတ်လတ်သော ၀ံလက်ငှက်တကောင်သည် ပင်လယ်ကမ်းစပ်နား ကျောက်ဆောင်များကို မင်းမူကျက်စားလျှက်ရှိသည်။ သူသည်မျက်စိအမြင်လည်း အလွန်ကောင်းသည်။ ပင်လယ်ရေပြင်အောက် (၁၂)တောင်အနက်ကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်။ ငါးကြီးငါးငယ် ငါးလိပ်ကျောက် ငါးလက်ခွာ တကောင်မကျန် သူ၏စူးချွန်သော ခြေလက်သဲတို့ဖြင့် ကုတ်ယူဖမ်းယူနိုင်စွမ်းရှိသည်။ ထို့ကြောင့် သူအား "ရေပြင်၊ မြေပြင်၊ လေပြင် သုံးခွင်ပိုင်စိုး ၀ံလက်မျိုး"ဟု တင်စားခေါ်ဝေါ်ကြသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန်မြောက်ကြွဂုဏ်ယူသည်။ "ငါ့လိုလူ ဒီဇမ္ဘူမှာ မရှိ"
won1.jpg
Images Credit - Original Source
တစ်နေ့ သူသည် ဈာန်ဝင်၍ လေပြင်အာကာကောင်းခင်၌ လေဟုန်စီးဝဲပျံနေခိုက် သူမင်းမူကျက်စားရာ ကျောက်ဆောင်အနီးအနားပတ်ဝန်းကျင် တောနက်ထဲတွင် အလွန်လှပသော ဥဒေါင်းတကောင်ကို မမျှော်လင့်ဘဲ ဖူးတွေ့ရလိုက်သည်။ ဥဒေါင်းမင်းသည် နေခြည်အောက်တွင် သူ၏အမွှေးအတောင်များကို ဖြန့်ကားလျှက် ကမြူးနေခိုက်ဖြစ်သည်။ ပြိုးပြက်သောရောင်ခြည် နီဝါသောရွှေအဆင်းဖြင့် ကတ္တီပါကော်ဇော ဖြန့်ကြက်ထားသကဲ့သို့ တောက်ပသောဇာခြည်ဇာကွက်များဖြင့် အလွန်လှပတင့်တယ်သည်ဖြစ်၍ သူ့စိတ်ကူးထဲတွင် ဥဒေါင်းမင်းကဲ့သို့ လှပသောအမွှေးအတောင်များပိုင်ဆိုင်လိုစိတ် တဖွားဖွားဖြစ်ပေါ်လာလေသည်။
won2.jpg
Images Credit - Original Source
"ငါ့မှာ သံလျက်ကဲ့သို့ ထက်မြက်သော ခြေသဲလက်သဲတွေလည်းရှိပြီ။ ပတ္တမြားကဲ့သို့ စူးရှတောက်ပသော မျက်လုံးအစုံလည်းရှိပြီ။ ကမ္ဘာမြေပြင် တော်ငလျင် သိမ့်သိမ့်တုန်နိုင်လောက်သော ပြင်းပြသော တောင်ဖံတစုံလည်းရှိပြီ။ ငါ့အမွှေးအမျှင်တွေသာ ဥဒေါင်းမင်းကဲ့သို့ ရောင်စုံဇာကွက်များဖြင့် ပြိုးပြက်တောက်ပ လှပသည်ရှိသော် ဘယ်လောက်ကောင်းလိုက်မည်နည်း။ ဒီကမ္ဘာမှာ ငါ့လိုသတ္တ၀ါ ရှိဦးမည်လား"
သို့သော် ၀ံလက်ငှက်သည် သူ့အမွှေးအမျှင်များ အရောင်တောက်ပလာအောင် မည်သို့လုပ်ရမည်နည်း အကြံအိုက်လျှက်ရှိသည်။ ငါးသတ္တ၀ါများထဲတွင် ၀မ်းဖောင်းဖောင်းဖြင့် ပကျင်းသတ္တ၀ါများသည် အလွန်ပညာရှိသည်ဟု ကြားဖူးသည်။ သူ့အားမေးမြန်းစုံစမ်းကြည့်မှဖြစ်မည်ဟု အကြံရလာသည်။ သို့ဖြင့် သူသည် ရှစ်မိုင်အကွာ ဖြားရေတက်တွင် ပေါလောမျောနေသော ပကျင်းတကောင်အား တဟုန်တည်းဖြင့်ချီကုတ်လိုက်သည်။
won3.jpg
Images Credit - Original Source
"ဟေးးး….ပကျင်း သင်သည် အသက်ရှင်ခြင်းကို အလိုရှိအံ့လော။ သင်သည် အသင်ရှင်ခြင်းကို အလိုရှိသည်ဆိုပါက ငါ့အားမှန်ရာကို သံတော်ဦးလျှောက်တင်လော့။ ငါ့အမွှေးအမျှင်များ အရောင်တောက်ပလာအောင် အဘယ်သို့လုပ်ရအံ့နည်း"
"အို…ကျေးဇူးကြီးလှစွာသော အသက်သခင်ဝံလက်မင်းဘုရား။ အသျှင့်၏ အမွှေးအမျှင်များ ရောင်စုံပြိုးပြက် တောက်ပသည်ကို အလိုရှိတော်မူပါက ပင်လယ်ထဲသို့ မနက်တကြိမ်၊ နေ့လည်တကြိမ်၊ ညတကြိမ် တစ်နေ့သုံးကြိမ် ဒိုင်ပင်ထိုးတော်မူပါဘုရား။ ရက်များမကြာ အသျှင်၏အမွှေးအမျှင်များသည် ပင်လယ်ငွေဇာခြည်လွှာများကဲ့သို့ ပြိုးပြက်တောက်ပလာမည်မှာ အမှန်ပင်ဖြစ်ပါသည်ဘုရား"
"ဟယ်….ပညာရှိ ပီသပါပေတယ်၊ အို…အသင်ပကျင်း၊ သင်သည် သင်၏ဥပဓိရုပ်ရည်ရူပကာ ကြန်အင်လက္ခဏာနှင့်အညီ သူတော်သူမြတ်ဖြစ်ပေ၏။ သင့်အသက်ကို ငါချမ်းသာပေးမည်။ ဤနေ့ဤရက်မှစ၍ သင့်အသားစားခြင်းကို ငါရှောင်ကြည်မည်။"
ထိုအချိန်မှစ၍ ၀ံလက်ငှက်သည် ပကျင်းသားကို မစားခြင်းဖြစ်သည်။
ပညာရှိပကျင်း၏အကြံကိုရယူပြီးနောက် ၀ံလက်မင်းသည် တနေ့သုံးကြိမ် ပင်လယ်ထဲသို့ မပျက်မကွက် ဒိုင်ပင်ထိုးလေသည်။ အာကာတိမ်စွန်ဖျားသို့ တောင်ဖံကို တဟုန်ချင်းရိုက်ခတ်ပျံတက်ပြီး ပင်လယ်ပြင်သို့ မိုးကြိုးပစ်သကဲ့သို့ ဒိုင်ပင်ထိုးချလိုက်သည်။ အရှိန်အဟုန် ပြင်းထန်လှသည်ဖြစ်၍ လှိုင်းလုံးကြီးများ ကျောက်ဆောင်သဲသောင်ပြင်သို့ တဘုန်းဘုန်းတအုံးအုံး ရိုက်ခတ်မြည်ဟီးသွားသည်။ ရက်များမကြာ ၀ံလက်မင်း၏ နဖူး လည်ပင်းက အမွှီးမျှင်များအားလုံး ကျွတ်ထွက်ကုန်သည်။ အအေးပတ်၍ နှာစီးခြောင်းဆိုးဖြစ်လာသည်။ အင်အားများလည်း ချိနည်းလာသည်။ မျက်စိလည်းမှုန်လာသည်။ ငါးအစာများကိုလည်း အယင်လို ထိုးကုတ်ဖမ်းယူနိုင်ခြင်းမရှိတော့။ ကုတ်ရာတခြား ခြစ်ရာတခြား ဖြစ်ကုန်သည်။ အစာဖမ်းမရသောအခါ သောင်ပြင်ကမ်းစပ်မှာ ပေါလောမျောလာသော ခွေးသေကောင်ပုပ်များကိုသာ စားကိန်းကြုံလာသည်။ ခွေးပုတ်နွားပုတ်များကို စားယင်းသောက်ယင်း အများမကြာ ၀ံလက်ငှက်မင်းသည် ဥဒေါင်းမင်းဖြစ်မလာဘဲ "လဒ"မျိုး ဖြစ်သွားရပါတော့သည်။
won4.jpg
Images Credit - Original Source
လူအများက လဒများလည်း မိုးထိအောင်ပျံနိုင်သဖြင့် ၀ံလက်ငှက်နှင့်ထင်မှတ်မှားတတ်ပါသည်။ သို့သော် လဒများမှာ လဒအကျင့်ကိုကျင့်၍ လဒစိတ်ရှိသူများသာဖြစ်သည်။

75

comments