ဆဒ္ဒန်ဆင်သည် ဆင်တကာတို့၏ အထွတ်အမြတ် ဖြစ် သည်။ မြန်မာစာပေတွင်ဆဒ္ဒန်ဆင်ကို စာဖွဲ့လေ့ရှိသည်။ အထူး သဖြင့် ငါးရာငါးဆယ်နိပါတ်တော်လာ အလောင်းတော် ဆဒ္ဒန်ဆင်မင်း၏ အကြောင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်သောကြောင့် မြန်မာတို့ နှစ်ခြိုက်ကြသည်။ ယင်းဇာတ်ဝတ္ထုကို စလေဦးပုည စာပေဂုဏ်မြောက်စွာ ဖွဲ့နွဲ့ရေးသားလိုက်သောအခါ ပိုမိုကြည် နူးလွမ်းဆွတ်ဖွယ်ရာ ဖြစ်လာပြီးလျှင် မြန်မာစာပေ လိုက်စားသူတိုင်းသည် ယင်းဝတ္ထုကို အထူးကြိုက်နှစ်သက်ကြလေ သည်။ ဆဒ္ဒန်ဆင်မင်းအကြောင်းကား ဤသို့ဖြစ်၏။
ရှေးလွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းသည် ဟိမဝန္တာတောကြီးအလယ်၌ တောတဆယ့်ခြောက်ထပ်၊ တောင် စဉ်ခုနစ်ထပ် ရံထားသော ဆဒ္ဒန်အိုင်ကြီး၏ အနောက်မျက်နှာ တွင် တဆယ့်နှစ်ယူဇနာရှိသော ရွှေဂူ၌ ဆဒ္ဒန်ဆင်အမျိုးပေါင်း ရှစ်သောင်းခြံရံလျက် ဆဒ္ဒန်ဆင်မင်း ဖြစ်တော်၏။ ထိုဆဒ္ဒန် ဆင်မင်း၏ အရပ်ကား တဆယ့်ရှစ်တောင်၊ အလျားကား အတောင်တစ်ရာ့နှစ်ဆယ်၊ နှာမောင်းကား အလျား ငါးဆယ့် ရှစ်တောင် အစွယ်ကား လုံးပတ်အားဖြင့် တဆယ့်ငါးတောင်၊ အလျားအားဖြင့် အတောင်သုံးဆယ်ဟူ၍ အသီးသီးရှိ၏။ခြေ ဖျား၊ လက်ဖျား၊ နှုတ်ဖျားတို့သည် ချိပ်ရည်သွေးကဲ့သို့ နီမြန်း ၏။ ကိုယ်အလုံးသည် ငွေလမင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ၏။ အစွယ်သည် ညိုရွှေနီစက်၊ ပြိုးပြက်ဖြူမောင်းသော အရောင် ခြောက်ပါးနှင့် ပြည့်စုံ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးအခါ၌ ရွှေဂူတွင်စံလျက် နွေအခါတွင်မူ ညောင်နန်းတွင် စံနေတော်မူ တတ်၏။ ဆဒ္ဒန်ဆင်မင်း၌ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါဟူ၍ မိဘုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆဒ္ဒန်ဆင်မင်းသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ပျိုအောက်၌ ခိုလှုံရပ်နား နေခိုက်၊ လက်ျာတော်လေအောက်က မဟာသုဘဒ္ဒါ၊ လက်ဝဲ တော်လေညာက စူဠသုဘဒ္ဒါတို့ ခစားနေစေလျက်၊ အင်ကြင်း ပင်ကို ဦးကင်းဖြင့်ဝှေ့၍ ပန်းမိုးရွာစေ၏။ ထိုအခါ သစ်ခြောက် ကိုင်းတို့နှင့်တကွ ပရွက်ခါချဉ်တို့သည် စူဠသုဘဒ္ဒါအပေါ်သို့ လှုပ်တိုင်း ကျလာ၏။ မဟာသုဘဒ္ဒါအပေါ်၌ကား ပန်းပွင့် ပန်းမှုန်တို့မှာ လေညာမှလွင့်၍ စုပုံကျလာကုန်၏။ ထိုအခြင်း အရာကြောင့် စူဠသုဘဒ္ဒါသည် ဆင်မင်းသည် ချစ်ခြင်းမညီဟု သဘောထားကာ အငြိုးကြီးစွာ ထားလေ၏။ တစ်ဖန် အိုင် အတွင်းသို့ သက်ဆင်း၍ ရေကစားသည်တွင် ပဒုမ္မာကြာမှုန် တို့၏ဝတ်ဆံတို့ကို ကြဲဖြန့်ကစားတော်မူ၍၊ ကြွင်းသောကြာပန်း တို့ကို မဟာသုဘဒ္ဒါ တစ်ဦးတည်းကိုသာ ပေးမိပြန်သဖြင့် ဒုတိယအကြိမ် ရန်ငြိုးဖွဲ့ပြန်၏။ ထို့နောက် စူဠသုဘဒ္ဒါသည် ရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကြာစွယ်ကြာရင်းတို့ကို ဆက် ကပ်လှူဒါန်း၍ 'အကျွန်ုသည် ယခုဘဝမှ စုတေခဲ့သော်၊ ဧကရာဇ်မင်း၏ ရှုမငြီးသော မိဘုရားကြီးဖြစ်လျက် ဇာတိဿရ ဉာဏ်ကိုလည်း ရပါစေသော။ ထိုအခါ ဤဆဒ္ဒန်ဆင်မင်း၏စွယ် တော်အစုံကို ဖြတ်ပိုင်း၍ ယူနိုင်ပါစေသော' ဟု ဆုတောင်း၏။
မုဆိုးကား ဗာရာဏသီသို့ပြန်၍၊ စွယ်တော်ကို သုဘဒ္ဒါ မိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါ သုဘဒ္ဒါမိဘုရားသည် 'စကားရှေ့ နောက်၊ ပြန်လှန်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊အံ့လောက် ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကိုပိုက်ပြန်၍၊ တစိုက်စိုက်ရှုယင်းပင်၊ ပြုမိသည့်ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရနီခိုင်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု လျက်၊ ကယုကယင်၊ ချစ်တုံ့တင်သဖြင့်၊ ကြင်ကြင်လည်လည်၊ ပျော်ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ဝေ၊ လှိုင်းဘောင် ဘင်မွှေသောကြောင့်၊ မဖြေနိုင်မဆည်နိုင်၊ သည်းဆိုင်မှာလောင် ခြစ်၍၊ ကျမည်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ်တော်ဖေါက်လဲ၍၊ ဗာရာမင့်လည်ဆွဲသည် ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏။' [၁]
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။ ဆင်မ များတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။
အခြားကြည့်ရန် ပြင်ဆင်
ဆင်အမျိုးအစားများ (မြန်မာ)
ဆင် ( ၁၀ ) မျိုး ပြင်ဆင်
မုံရွေးဇေတဝန် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။
ကာဠာ၀ကဆင် = ဆင်မည်း၊ ညင်းညင်းသာသာ မြည်တက်သော အသံရှိသည့်ဆင်။ ယောက်ျား (၁၀) ဦး၏ အားအစွမ်းနှင့် ညီမျှသော အားရှိသည်။
ဂင်္ဂေယျဆင် = ဂင်္ဂါမြစ်အနီး၌ ပေါက်ဖွားသောဆင်။ ယင်းဆင်သည် သရက်ရွက်နုနု အဆင်းရှိသည်။ အပေါင်းအသင်းတို့နှင့် မွေ့လျှော်တက်သောကြောင့်လည်းကောင်း၊ ဥဒေါင်းမြီးစည်းနှင့်တူသော တင့်တယ်သော အမြီးရှိသောကြောင့် ကာလာပ ဟုခေါ်တွင်သေး၏။ ကာဠာ၀ကဆင် (၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
ပဏ္ဍရဆင်= သစ်ရွက်ရော်အဆင်းရှိ၏ (ဝါဖန့်ဖန့် အရောင်အဆင်းရှိသည်)။ ဂင်္ဂေယျဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။ဟေမဆင်=ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိသည်။ မင်္ဂလဆင်(၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
ဥပေါသထဆင်=ဥပေါသထဆင်မျိုး၌ ဖြစ်သောကြောင့်လည်းကောင်း ဆန့်ကျင်ဘက် ရန်သူတို့ကို နိုင်စေတက်သည်။ လျှောက်ပတ်သောအရပ်၌ ချဉ်းကပ်နေထိုင်တတ်သောကြောင့်လည်းကောင်း ဥပေါသထဆင်ဟုခေါ်သည်။ ရှည်သွယ်ညီညွတ်သော အစွယ်လဲရှိသည်။ ဟေမဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
ဆဒ္ဒန်ဆင်=အစွယ်၌ အရောင် ၆ မျိုးရှိသည်(အစွယ်မှ အရောင်ခြောက်မျိုးထွက်သည်)။ ဥပေါသထဆင်နှင့် ဆဒ္ဒန်ဆင်တို့၏
အရောင်သည် ဘော်သားအတူ ဖြူဖြူဖွေးကြသည်။ ဥပေါသထဆင် (၁၀) စီးအားနှင့် ညီမျှသည်။
လူဆယ်ယောက်အားရှိ၍၊ ညင်းညင်းအော်မြည်တတ်သော ဆင်မည်းတစ်မျိုးဖြစ်သည့် ကာဠာဝကဆင်၊
ဂင်္ဂါမြစ်ပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိကြ သည့် ဂင်္ဂေယျဆင်၊
ဝါဖျော့ဖျော့ အရောင်ရှိသောပဏ္ဍရ ဆင်၊
ကြေးနီရောင်အဆင်းရှိသော တမ္ဗဆင်၊
ကြောင်သောအဆင်းရှိသည့် ပိင်္ဂလဆင်၊
အနံ့မွှေးသောဂန္ဓဆင်၊
တင့်တယ်စွာ သွားတတ်သော မင်္ဂလဆင်၊
ရွှေရောင် အဆင်းရှိသော ဟေမဆင်၊
ဖြူသောအဆင်းရှိ၍၊နှာမောင်း အမြီး လှပရှည်သွယ်ပြီးလျှင် ကောင်းကင်၌ကျက်စားတတ်သော ဥပေါသထဆင်၊
ဘော်ငွေအဆင်းရှိပြီးလျှင် ညီညွှတ်သော အစွယ်နှစ်ချောင်းမှ ရောင်ခြည်ခြောက်မျိုးထွက်ကာ အမြီးဦးခေါင်းရှည်သွယ်၊ အလုံးစုံသော ကြန်အင်လက္ခဏာနှင့် ပြည့်စုံ
လျက် ကောင်းကင်၌လည်း ပျံသွားနိုင်သည့် ဆဒ္ဒန်ဆင်ဟူ၍ ဖြစ်လေသည်။