Me on Steemit

By @andyap11/18/2018myanmar

ကျနော်သည် စာရေးသားခြင်းအလုပ်ဖြင့် အသက်မွေးသူမဟုတ်သော်လည်း အွန်လိုင်းပေါ်တွင် စာရေးသားခြင်းအရာမှာ ကျနော့်အတွက်သိပ်တော့မစိမ်းလှပါ။ ငယ်စဉ်ကပင်စာဖတ်ဝါသနာသူဖြစ်ရာ ရွှေဥဒေါင်း၊ သော်တာဆွေတို့၏စာအုပ်များဖြင့် ကြီးပြင်းခဲ့ပြီး ကျောင်းစာမေးပွဲစာစီစာကုံးရေးလျှင် စာစီစာကုံးစည်းမျဉ်းပုံစံများကို တယ်ကြီးဂရုမစိုက်လှပဲ ကိုယ်ဖတ်ခဲ့၊ ကြိုက်ခဲ့သော စာရေးဆရာကြီးများ”လေ”အတိုင်း ထင်ရာလျှောက်ရေးခဲ့သူဖြစ်ပါသည်။ ထို့နောက် ကျနော်တက္ကသိုလ်ကျောင်းပြီးကာစ ၂၀၀၆-၂၀၀၇ ကာလများ မြန်မာပြည်တွင် Blog များခေတ်စားချိန်၊ အားကောင်းခဲ့ချိန်က Blogspot နှင့် နောက်ပိုင်းကိုယ်ပိုင် domain ဝယ်ပြီးကိုရေးခဲ့ဖူးပါသည်။ ထိုခေတ်က မြန်မာပြည်ကလုံးဝအမှောင်ခေတ်၊ အင်တာနက်သုံးချင်ရင် အင်တာနက်ဆိုင်မှာ တနာရီ ၃၀၀ မှ ၁၀၀၀ လောက်အထိပေးပြီး အဝိုင်းလည်တာ ထိုင်ကြည့်ရသည်။ ဘလော့ဂါဆိုသည်နှင့် ဟင်းချက်နည်းရေးသည့် ဘလော့ဂါတောင် ကျီးကြည့်ကြောင်ကြည့်နေရချိန်ဖြစ်သည်။ နောက်ပိုင်း Facebook လည်းပေါ်လာ၊ blogger များလည်း Facebook ပေါ်ရောက်ကုန်ကာ “မြေလျှိုး” ကုန်ပြီး မြန်မာဘလော့ဂါဆိုသည်မှာ မျိုးတုန်းလုနီးနီးသတ္တဝါသဖွယ်ဖြစ်သွားခဲ့ရပြီး ကျနော်လည်း ထုံးစံအတိုင်းနိုင်ငံခြားရောက်ဘာရောက်ဖြင့် ဘလော့ရေးခြင်းအလုပ် တခန်းရပ်လေသည်။ ထိုခေတ်က ဘလော့ဂါကွန်မြူနတီဆိုသည်မှာ ယခုခေတ် ဖေ့ဘုတ်နှင့်မတူ၊ အင်မတန်မြိုင်ဆိုင်၊ အလွန်တရာနွေးထွေးပြီး၊ ဘလော့ဂါအချင်းချင်းလည်း လေးစားကြသည်။ တွေ့ဆုံပွဲများလုပ်ခြင်း၊ ခရီးစုထွက်ကြခြင်းတို့လုပ်ကြသည်။ ယခု Barcamp Yangon ဆိုသည့်နည်းပညာပွဲသည် ထိုစဉ်ကတည်းက ဘလော့ဂါများစလုပ်ခဲ့ခြင်းဖြစ်သည်။ (အခုလဲ သူတို့ပါပဲ)

Facebook ၏ အလုပ်လုပ်ပုံကို သိပ်သဘောမကျသဖြင့် သူခေတ်စားလာကတည်းက ဘာမှမရေးဖြစ်တာကြာပြီ။ ဖုန်း၊ အင်တာနက်တွေပေါလာတော့လည်း အာရုံများသဖြင့် စာမဖတ်ဖြစ်တော့။ အလုပ်ကလည်းများလာသဖြင့် စာပေနှင့်ဝေးလာသည်။ အဲဒါလည်းသိပ်ကောင်းသည့်အကျင့်မဟုတ်သဖြင့် အားတင်းကာစာတအုပ်စနှစ်အုပ်စဖြင့် (အနည်းဆုံး သိုင်းဝတ္ထုဖြစ်ဖြစ်) ဖတ်ဖြစ်အောင်ဖတ်ရသည်။ စာပြန်ဖတ်တော့ စာပြန်ရေးချင်လာပြန်သည်။ CCIEစာမေးပွဲလည်း ဖြေဖို့လေ့လာနေသဖြင့် မှတ်စုသဘောမျိုး journal သဘောမျိုးထားချင်လာသည်။ ထို့ကြောင့်ဘလော့တစ်ခုလုပ်ဖို့စဉ်းစားမိသည်။ ဖဘပေါ်တွင်လည်း Page ဖွင့်ပြီးလည်းမရေးချင်။ ဘလော့စပေါ့ပြန်သွားမလား၊ Medium တို့ Thumblr တို့လိုမျိုးအသစ်သွားရင်ကောင်းမလား လေ့လာနေစဉ်ယခု Steemit ကိုတွေ့သည်။

သူကရိုးရိုးမဟုတ် Blockchain နည်းပညာဖြင့်သွားသည့် ပလက်ဖေါင်းဆိုသဖြင့် လောလောလတ်လတ် “ဘာပါလိမ့်”ဆိုသည့်သဘောဖြင့် လေ့လာနေသည့် နည်းပညာလည်းဖြစ်သဖြင့် စိတ်ဝင်စားမိသည်။ ဝင်ကြည့်ရင်း “myanmar” ဆိုသည့် tag တွေ့သဖြင့်ဝင်ကြည့်ရာ မထင်မှတ်ပဲ မြန်မာတော်တော်များများသုံးနေကြတာတွေ့ရသဖြင့် ဒီမှာပဲရေးတော့မည်ဆုံးဖြတ်လိုက်သည်။ Upvote တွေဘာတွေများရင်လည်း crypto တွေဘာတွေရသည်ဆိုသဖြင့် ပိုစိတ်ဝင်စားမိသည်။

ကျနော် Steemit ပေါ်ရောက်လာရပုံကဒါပဲဖြစ်သည်။ ပုံမှန်ရေးနိုင်မယ်လို့တော့ ထင်ရတာပါပဲလေ။

Andy AP

8

comments