မိဘ

By @leeshang9/24/2018myanmar

IMG_20180907_222005.jpgပတ်ဝန်းကျင်ဆိုတာကလည်း ကောင်းတဲ့သူတွေရှိနေနိုင်သလို မကောင်းတဲ့သူတွေလည်းရှိနေနိုင်တော့ အခက်သားပဲလေ။ကိုယ်ဘေးမှာရှိနေတဲ့သူတွေကလည်း ကောင်းတဲ့သူလား မကောင်းတဲ့သူလားဆိုတာ ကြိုမသိနိုင်တော့လည်း ယုံစားမိခဲ့ကြပီးမှ မှားမှန်းသိခဲ့ကြသူတွေလည်း မနည်းမနောပဲပေါ့။

ကိုယ်တို့အိမ်နားကကောင်မလေး ယောက်ျားနောက်လိုက်သွားတယ်ဆိုတဲ့စကားကိုကြားရတဲ့အချိန်မှ ကိုယ်သိပ်အံ့သြသွားခဲ့မိတယ်။ယောက်ျားနောက်လိုက်သွားတယ်ဆိုတဲ့ကောင်မလေးက ဆယ်တန်းတက်နေတုန်းပဲရှိသေးတာကိုး။အဖေအမေတွေကလည်း ကလေးတစ်ယောက်လို ဂရုစိုက်တတ်ပီး သူမကလေးကလည်း ခပ်အေးအေးနေတတ်တာမို့ ရည်းစားတွေဘာတွေရှိတယ်လို့တောင် အသံကြားမိတာမဟုတ်ဘူးလေ။

ဒါနဲ့ကိုယ်လည်း ဘယ်သူနဲ့လိုက်သွားတာလည်းလို့မေးမိတော့ သူမကလေးတို့အိမ်ကို ဝင်ထွက်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ မောင်ဖြစ်နေလေရဲ့။အဲဒီတော့မှ သိပ်မကြာခင်အချိန်တွေတုန်းက ကိုယ်တို့လမ်းထဲမှာကြားရတတ်တဲ့ ဂစ်တာသံတစ်ဒေါင်ဒေါင်ရဲ့ အဓိပ္ပါယ်ကိုနားလည်ခဲ့မိတယ်။ဂစ်တာသံတွေကြားရတဲ့အချိန်တုန်းကတော့ ကိုယ်တို့အပျိုကြီးတစ်သိုက်တောင် တစ်ယောက်နဲ့တစ်ယောက်စနောက်ခဲ့ကြသေးတယ် နင့်ကိုလာပိုးတာ ငါ့ကိုလာပိုးတာဆိုပီးတော့ပေါ့။

ကိုယ်တို့လမ်းထဲမှာ အပျိုကြီးတွေလည်းများပီး အားလုံးကလည်း မတိမ်းမယိမ်းအရွယ်တွေမို့ ဆယ်တန်းတက်နေတဲ့ကလေးမလေးကိုတော့ ပစ်မှတ်ထားပီးပစ်လိမ့်မယ်လို့ မထင်ခဲ့ကြဘူးလေ။နောက်ဆုံးတော့ ကံဆိုးသူကဆယ်တန်းကျောင်းသူလေး ဖြစ်သွားတာကတော့ ကံကြမ္မာကိုပဲအပြစ်တင်ရတောမှာပဲပေါ့။အေးလေ အပျိုကြီးဆိုတာကလည်းလူလည်တွေမို့ အပျိုကြီးဖြစ်နေတာမို့ မနူးမနပ်အရွယ်လေးတွေပဲ သားကောင်အဖြစ်ဖမ်းဖို့ အဆင်ပြေတာပေါ့။

ကောင်မလေးကိုခေါ်သွားတဲ့သူက ဂစ်တာလေးမတောက်တစ်ခေါက်တီးတတ်ပီး သီချင်းဆိုတတ်တာကလွဲလို့ အလုပ်ဆိုတာကို လက်ကြောတင်းအောင်မလုပ်တတ်သူမို့ လမ်းထဲကသူတွေအားလုံး ကလေးမလေးကိုရောမိဘတွေအတွက်ပါ စိတ်မကောင်းဖြစ်ခဲ့ကြတာပေါ့။တစ်ချို့သူတွေကတော့ အသက်မပြည့်သေးတဲ့သူကို ဖြားယောင်းသွေးဆောင်မှုနဲ့ ရဲကိုတိုင်ဖို့ပြောကြပေမယ့် ကောင်မလေးရဲ့မိဘတွေက ခပ်ရိုးရိုးနေကြသူတွေမို့ တစ်ရှက်ကနေနှစ်ရှက်မဖြစ်ချင်ကြဘူးဆိုပီး သူတို့သမီးလေးဆက်သွယ်လာမယ့်ရက်ကိုစောင့်နေခဲ့တယ်။

ကောင်မလေးရဲ့မိဘတွေ ကောင်မလေးဆီကအဆက်အသွယ်ကိုမျှော်နေကြတုန်းမှာပဲ ကောင်မလေးရဲ့ယောက်ခမတွေနဲ့မနေနိုင်တော့လို့ သမီးကိုလာခေါ်ပါဆိုတဲ့ ဖုန်းထဲကစကားကိုကြားရတဲ့ အချိန်မှာပဲ ကောင်မလေးရဲ့မိဘတွေက ကောင်မလေးရှိတဲ့ဆီကိုလိုက်သွားပီးကောင်မလေးနဲ့သူ့ယောက်ျားကို အိမ်ပေါ်ခေါ်တင်ခဲ့တယ် ပတ်ဝန်းကျင်ကသူတွေကတော့ ကောင်မလေးရဲ့မိဘတွေကို တိုးတိုးတိတ်တိတ် ဝေဖန်ခဲ့တာတွေလည်းရှိခဲ့တာပေါ့။

ကောင်မလေးရဲ့မိဘတွေက ကောင်မလေးကိုဆယ်တန်းဖြေဖို့အတွက် ပြန်ပီးပြင်ဆင်စေခဲ့ပီး သမက်ဖြစ်တဲ့သူကို ဘာအလုပ်လုပ်ချင်လည်းလို့မေးတော့ တစ်သက်လုံးအလုပ်မလုပ်ဘူးတဲ့သူအတွက် အခက်တွေ့စေခဲ့တယ်။ဘာမှန်းညာမှန်းမသိ ယောက်ျားရခဲ့တဲ့ကောင်မလေးကတော့ သူ့မိဘလက်ထဲမှာ အရင်လိုပဲကျောင်းပြန်တက်ပီး အဆင်ပြေနေပေမယ့် အဆင်မပြေတဲ့သူကတော့ ကောင်မလေးယောက်ျားပါ။

ယောက်ခမတွေဆီက ပိုက်ဆံကိုလည်းမတောင်းရဲ ကိုယ်တိုင်လည်းပိုက်ဆံမရှာချင်တဲ့သူအတွက် တစ်နေ့တစ်နေ့ကတော့ စိတ်ညစ်စရာကောင်းနေခဲ့တာပေါ့။အဲဒီအချိန်မှာ ကောင်မလေးယောက်ျားက သူ့အမဆီမှာအကြံယူခဲ့တယ်။အဲဒီအချိန်မှာ ကောင်လေးအမရဲ့ ယုတ်ညံ့တဲ့စိတ်ထားနဲ့ပေးတဲ့အကြံကတော့ နင့်ယောက်ခမတွေကိုပြောလိုက် ကောင်မလေးနဲ့ဆက်မပေါင်းတော့ဘူး ကွာရှင်းပေးမယ် လျော်ကြေးပေးပါဆိုပီးတော့ပေါ့။

အစကတည်းက ကောင်မလေးမိဘတွေရဲ့ ပိုက်ဆံတွေကိုမက်လို့ ယူခဲ့တဲ့ကောင်လေးကလည်း အမဖြစ်သူပေးတဲ့အကြံအတိုင်း ကောင်မလေးရဲ့မိဘတွေဆီမှာ လျော်ကြေးတောင်းပီး ကွာရှင်းပေးမယ်လို့ပြောခဲ့တယ်။ကောင်မလေးရဲ့မိဘတွေလည်း မြန်မြန်ကိစ္စပြတ်လည်းပီးရောဆိုပီး ကောင်လေးတောင်းတဲ့ပိုက်ဆံကိုပေးပီး ကောင်မလေးကိုအနားကိုဘယ်တော့မှမလာပါဘူးဆိုတဲ့ကတိကိုတောင်းခဲ့တယ်။ပိုက်ဆံလိုချင်တဲ့သူတွေကတော့ သူတို့လိုချင်တဲ့ပိုက်ဆံရပီမို့ ကျေနပ်သွားကြပေမယ့် ဘာမှန်းညာမှန်းမသိဘဲ ယောက်ျားတစ်ယောက်ရလိုက်တဲ့ကောင်မလေးကတော့ ဘာမှန်းမသိပဲ ယေက်ျားနဲ့ကွဲပီး တစ်ခုလပ်ဖြစ်သွားခဲ့ရတာပေါ့။

တစ်ခုလပ်ဖြစ်သွားပီးနောက်ပိုင်းလည်း ကောင်မလေးကတော့ ခပ်အေးအေးပါပဲ သူ့ကျောင်းကိုသူဆက်တက်နေလေရဲ့။ကောင်မလေးရဲ့မိဘတွေကတော့ သူတို့ပစ်ထားလိုက်လို့သူတို့သမီးလေး ဒုက္ခရောက်ရမယ့်အတူတူ ခုလိုအေးအေးချမ်းချမ်း စာသင်နေတာမြင်ရတာ အဆိုးထဲကအကောင်းပါပဲတဲ့လေ။ယောက်ျားနောက်လိုက်ပြေးတုန်းက အတင်းလိုက်ခွဲခဲ့ရင် သူတို့သမီးလေးက ဟိုဘက်ကလူတွေပြောတဲ့စကားတွေကိုယုံပီး လုပ်ချင်ရာတွေလုပ်ပစ်ခဲ့ရင် သူတို့သမီးလေးကလေးတွဲလောင်းနဲ့ဒုက္ခရောက်နေရောပေါ့တဲ့။

ပတ်ဝန်းကျင်ကသူတွေကတော့ ကောင်မလေးမိဘတွေကို အမျိုးမျိုးဝေဖန်ကြတာပေါ့ ဒါပေမယ့်လည်း မိဘဆိုတော့ သားသမီးအရေးနဲ့ကြုံလာရတော့ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင်ခဲ့တော့ပါဘူးထင်ရဲ့။

@leeshang
MSC -230

36

comments