ကျနော့် အိမ်ရှေ့ လမ်းက တဖက်ပိတ် လမ်း ဖြစ်၏။ ( ရှေ့က ပိုစ့်တခုမှာတော့ ပြောပြခဲ့ဖူး) ၆ အိမ်လောက် သုံးသည့် လမ်းလေးပေါ့။ တဖက်ပိတ် ဆိုသည့် အတိုင်း လမ်းအဆုံးထိပ်မှာ အိမ်တအိမ် ရှိ၏။ ကျနော့် အိမ်ကတော့ ၂ အိမ်ကျော် ဖြစ်၏။ တဖက်ပိတ် လမ်းကိုမှ ၆ အိမ်လောက်သာ ရှိသည်မို့ ကိုယ်ပိုင်လမ်းလို ဖြစ်နေသည်ဟု ပြောလို့ရမည်။
လှည့်လည် သွားလာသည့် ဈေးသည်တွေတောင် ကျနော်တို့ လမ်းထဲ သိပ်မလာကြပေ။ တဖက်ပိတ် လမ်းမှန်း မသိခင်သာ လာကြ၏။ သိသွားပြီးနောက် သိပ်မလာကြပေ။ အသီးအရွက်၊ အစားအသောက် ရောင်းသူတွေတော့ မကြာခဏ လာလေ့ ရှိ၏။ ပုံမှန်လာနေကြဆိုလို့ ရက်ခြားလာလေ့ရှိသည့် ရေသန့်ကားသာ ဖြစ်၏။ ကျန်တာကတော့ ဒီလမ်းထဲရှိ အိမ်တွေက သူများသာ ယခု လမ်းကို အသုံးပြုကြ၏။
၃ အိမ်က ကားရှိ၏။ ကျနော်တို့အိမ်ကတော့ ဆိုင်ကယ်သာ ရှိ၏။ လမ်းက ကား ၂ စီးစာ မကျယ်ပေ။ ရေသန့်ကားတစီးစာလောက်သာ ကျယ်၏။ ကားကို လမ်းပေါ်မှာ ရပ်ထားဖို့ မပြောနဲ့ ဆိုင်ကယ် ရပ်ထားရင်တောင် ကားတစီး ဝင်လာပါက ရှောင်မရ၊ ပြုမရနဲ့ရယ်။ ရပ်ကွက်ကြားလမ်းဆိုတော့ ဒီလောက်ပဲပေါ့လေ။
ပြီးခဲ့သော ၃၊ ၄၊ ၅ လလောက်တုန်းက ကျနော်တို့ လမ်းထဲက ဦးလေးကြီးက အဆိုပါ လမ်းလေးကို ပြင်ဖို့ လုပ်၏။ သူတယောက်ထဲတော့ မဟုတ်ပေ။ ဒီလမ်းလေးကို အသုံးပြုနေသူတွေ စုပေါင်းပြီး ပြုပြင်ကြခြင်း ဖြစ်၏။ ကားရှိသည့် ၃ အိမ်ကတော့ အများကြီး ထည့်ဝင်ကြ၏။ အမေကလည်း သူတတ်နိုင်သလောက်တော့ ထည့်ဝင် ပေးပါ့မယ် ပြောထား၏။
လမ်း အပိတ် ထိပ်ဆုံးအိမ်ကနေ လမ်းကို စတင်ပြင်လာခဲ့၏။ အုတ်လမ်းလေး အဖြစ်အနေနဲ့ပေါ့။ ကျနော်တို့ ဘေး ကပ်လျက် မြောက်အိမ်ကတော့ မလှူနိုင်သေးကြောင်း ပြော၏။ ထိုအထိ ဘာမှ မဖြစ်သေး။ တောင်ဘက်ကပ်လျက် အိမ်ကတော့ ဘယ်နှယ်သိန်း ထည့်ဝင်တယ် ဆိုလား။ ခွေးတွေ အများကြီး မွေးထားသည့် အိမ်ပေါ့။ လမ်းလုပ်နေတာက သူတို့ အိမ်ရှေ့ထိ အရောက်မှာ ခွေးအိမ်ဆောက်ဖို့ အကြောင်းဖန်လာသဖြင့် လမ်းလုပ်နေတာကို ခဏရပ်ကာ ခွေးအိမ်ဆောက်ခြင်း ကိစ္စကို အရင် လုပ်ကြလေ၏။
ခွေးအိမ် ပြီးသွားပေမယ့် လမ်းတော့ ဆက်မလုပ်ကြတော့ပေ။ ဘာကြောင့်ရယ်တော့ မသိပေ။ အမေက အလှူငွေ အများကြီး မထည့်နိုင်ဘူး ကြောင့်လား ထို့ပြင် မြောက်ဘက်အိမ်ကတော့ မထည့်ဝင်နိုင်သေးဘူးလို့ ပြောလိုက်သောကြောင့်လားကတော့ လမ်းပြင်မယ် ပြောသည့် ဦးလေးကြီး ကိုယ်တိုင်ပဲ သိပေလိမ့်မည်။ လမ်းက ယခင်ကတည်းက အဆိုးကြီးတော့ မဟုတ်ပေ။ ဒါပေမယ့် ခုခါကြ တဝက်ကောင်းပြီး တဝက် မကောင်းဆိုတော့ ကြည့်ရတာ ရုပ်ဆိုးလှ၏။ ဘာကြောင့် တလမ်းလုံး အပြီးထိ မလုပ်လဲ ကတော့ ဦးလေးကြီး ကိုယ်တိုင်ပဲ သိပေလိမ့်မည်။