ပွဲ မရှိ ပွဲမျှော်

2025-03-20T11:48:54
ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်တွေအစား နိုင်ငံအသင်း ပွဲစဉ်တွေသာ ရှိ၏။ World Cup qualification, UEFA Nations League ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ နိုင်ငံအသင်း ပွဲစဉ်တွေကိုတော့ သိပ် မကြည့်ဖြစ်လှပေ။ အချိန် နောက်ကျတာလည်း ပါတာပေါ့။ နောက်ကျဆိုလို့ အားလုံးက နောက်ကျနေတာတော့ မဟုတ်ပေ။ မြန်မာ စံတော်ချိန်နဲ့ ကြည့်မယ်ဆိုရင် အာရှက ညနေဘက်တွေ၊ အာဖရိက ညဘက် နည်းနည်းစော၊ ဥရောပကကြ ညတော်တော်နက်၊ မြောက်နဲ့ တောင်အမေရိက ဇုန်တွေကကြ မနက်အစောပိုင်းတွေ ဖြစ်၏။
ဥရောပ ပွဲစဉ်တွေကို ပိုပြီး ကြည့်ဖြစ်လို့လားတော့မသိပေ။ နိုင်ငံ ပွဲစဉ်တွေဆိုရင်လည်း ဥရောပ အသင်းတွေကို ပိုသိ၊ ပို အားပေး ကြည့်ရှု ဖြစ်တာ များ၏။ အမေကျော်ပြီး ဒွေးတော် လွမ်းတာမျိုးတော့ မဟုတ်ပေ။ မြန်မာ လက်ရွေးစဉ်အသင်းကိုလည်း အားပေးပါ၏။ ခေတ်ကောင်းစဉ်ကဆို MNL ပွဲစဉ်တွေကို ကွင်းထဲထိကို သွားရောက် အားပေး ဖြစ်ပါ၏။ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် တိုးတက်ရောင် ပြနေသည့် ဘောလုံး အားကစားသည်လည်း အရှိန်တန့်လို့ သွားခဲ့ရလေ၏။
လိဂ်ပွဲစဉ်တွေ မရှိတော့ ဒီတပတ်က ပျင်းဖို့ ကောင်းနေမှာ အမှန်ပင်။ April 2 ရက်နေ့မှ EPL ပွဲတွေ ပြန်လာမှာဆိုတော့ နှစ်ပတ် နီးပါး လိဂ်ပွဲစဉ်တွေနဲ့ ဝေးပေလိမ့်ဦးမည်။ EPL ပွဲတွေကို ပိုပြီး ကြည့်ဖြစ်၏။ ဂျာမန်လိဂ် ပွဲစဉ်တွေလည်း ကြည့်တော့ ကြည့်ဖြစ်ပါရဲ့။ ဒါပေမယ့် အချိန်တွေ တိုက်နေတော့ EPL ပဲ ဦးစားပေး ကြည့်လိုက်၏။ စပိန်လိဂ်ပွဲစဉ်တွေကကြ ညနက် သန်းခေါင်ကျော်နှင့် အာရုဏ်မတက်ခင် အချိန်တွေဆိုတော့ မကြည့် ဖြစ်ဝောာ့ပေ။
ဒီတပတ်ထဲ မြန်မာ လက်ရွေးစဉ်အသင်း၏ Asian Cup Qualification ပွဲစဉ်တော့ ရှိ၏။ လာမယ့် 25 ရက်နေ့ ညနေ 5 နာရီခွဲ အိမ်ကွင်း ပွဲစဉ် ဖြစ်၏။ Afghanistan အသင်းနဲ့ ကစားရမည် ဖြစ်၏။ ဘောလုံး ကန်သူတွေ မနားရပေမယ့် ဘောလုံးပွဲ ကြည့်သူတွေကတော့ ခဏ အနားရတာပေါ့။
127
11
0.60
11 Replies