ရာသီဥတုက သိသိသာသာ ပူလာခဲ့၏။ တရက်ထက် တရက် ပိုပြီး ပူလာခဲ့၏။ ဒီနွေက ပြီးခဲ့သော နွေထက် ပိုပြီး ပူမယ်ထင်။ တနှစ်ထက် တနှစ် ပိုပြီး ပူလာတာတော့ အမှန်ပင်။ လူသားတို့ကြောင့် သဘာဝ ပတ်ဝန်းကျင်တွေလည်း ပြောင်းလဲ ဖောက်ပြန်လို့နေသည် မဟုတ်လား။ ဥတုရာသီ တောကို မှီတဲ့ ဒီလောက် တောတွေ ခုတ်နေမှတော့ ရာသီဥတု ခမြာ ဘာကို သွားမှီလို့ မှီရလေတော့မည်နည်း။ ကမ္ဘာကြီး ဒုက္ခ ပေးနေသူများက လူသားတွေပင် မဟုတ်ပါလား။
ဒီလို ပူပုံနဲ့ လျှပ်စစ်မီးကလည်း ရဖို့ မမြင်ပေ။ ရေ စွမ်းအင် ရှားပါး ပြတ်လပ်မှုက နဂိုထက် မီးပိုပျက်ဖို့သာ ရှိပေလိမ့်မည်။ လျှပ်စစ်မီး မှန်မှန် မရသဖြင့် ဆိုလာကို တွင်တွင်ကျယ် အသုံးပြုလာကြ၏။ ဒါကလည်း ငွေကြေး အတော်အသင့် တတ်နိုင်သူတွေပဲ တပ်ဆင်နိုင်ကြသည် မဟုတ်လား။ အခြေခံ လူတန်းစားတွေ အဖို့ မီးလာတုန်းလေး အားသွင်းမီးသီး ဘာညာ လျှပ်စစ်ပစ္စည်းတွေကို အားသွင်းထားပြီး ပြန်သုံးပေါ့။
မီးလာချိန် မလုံလောက်လို့ (ခုလည်း လုံလောက်တယ်လို့ မရှိနေပါဘူးလေ) အားမသွင်းထားရရင်လည်း ခေတ်ဟောင်းအတိုင်း ဖယောင်းတိုင်နဲ့ အဖော်ပြုကြရုံပေါ့။ ရာသီဥတုက ပူ၊ ပြီး ခုလို မီးပျက်ပုံနဲ့ အလယ်ပိုင်း (အပူပိုင်း) ဒေသကသူတွေအဖို့ အတော်လေး နေရခက်နိုင်၏။ မီးမရတော့ ပန်ကာ အဲကွန်းတွေလည်း ဖွင့်မရဘူးကိုး။
တောင်ပေါ်ဒေသ နေထိုင်သူတွေကိုတောင် နွေက ပူပြင်းပြနေတာ အလယ်ပိုင်း ဒေသက သူတွေဆို ပသို့များ နေကြမည်နည်း။ နွေက ခုမှ စရုံရှိသေးတယ် ကျနော်တို့မှာ အတော်လေး နေရခက်နေပြီ။ သင်္ကြန်ပြီးချိန်ဆို ခုထက် ပိုလို့တောင် ပူပေလိမ့်ဦးမည်။ အတွေးနဲ့တင် ပူနေပြီ။ ခေတ်ကာလကြီးကြောင့် လူတိုင်းမှာ အပူ ကိုယ်စီနဲ့ပါဆိုမှ ခု ရာသီဥတုကပါ အပူ ဘောနပ်တွေ ထပ်ပေးနေပြီ မဟုတ်ပါလား။