Champion League ပွဲစဉ်များ အပြီး နောက်ရက်မှာတော့ Europa League & Europa Conference League Quarter Final ပွဲစဉ်များ ကစားကြ၏။ Arsenal တို့ Real Madrid ကို အိမ်ကွင်းကော အဝေးကွင်းမှာပါ အနိုင်ကစားခဲ့သည် ဆိုသည့် သတင်းကြောင့် မြင့်နေပြီးသား အရှိန်ကို Man United က Lyon အသင်းကို နောက်ဆုံးမိနစ် သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး Semi Final အဆင့်သို့ တက်လှမ်းသွားသည် ဆိုသည့် သတင်းက အရှိန်ကို တက်သထက် တက်လို့ သွားစေခဲ့၏။
6 မိနစ်အတွင်း 3 ဂိုး သွင်းယူကာ အရှုံးကနေ အနိုင်ကို ရုတ်ခြည်း ပြောင်းလဲပစ်မှုကြီးက တကယ့်ကို epic come back ပင်။ ပထမကျော့ Lyon ကွင်းမှာတုန်းက 2-2 သရေကျထား၏။ ဒုတိယကျော့ ကိုယ့်အိမ်ကွင်းမှာ 1 ဂိုးအသာနဲ့ နိုင်ရင်ကို နောက်တဆင့် တက်မည် ဖြစ်၏။ ပွဲစကတည်းက United တို့ သေချာ ဖိဖိစီးစီး ကစား၏။ ခပ်စောစော ဂိုးသွင်းကာ နောက်တဆင် တက်နိုင်ခွင့်ကို ဖိအား နည်းနည်းနဲ့ ကြိုတင်ပြီး ရယူထားချင်သည့် သဘောပင်။ တကယ်လည်း ထိုအတိုင်း ဖြစ်ခဲ့ပါ၏။
ပထမပိုင်းမှာ United က 2-0 ဖြင့် ဦးဆောင်ထား၏။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အလှည့်အပြောင်းတွေ ဖြစ်ကုန်၏။ 71 မိနစ်နှင့် 78 မိနစ်တွေမှာ Lyon တို့ နှစ်ဂိုးဆက် ပြန်သွင်းပြီး ပွဲကို အချိန်ပိုထိ ဆွဲဆန့်ခဲ့၏။ 89 မိနစ်မှာ Lyon ကစားသမား Tolisso နှစ်ဝါတနီနဲ့ အထုတ်ခဲ့ရ၏။ တယောက်လျော့ သွားပြီမို့ United အတွက် အခြေအနေကောင်းသွားပြီဟု တွက်ထားတုန်း ရှိသေး 105 နှင့် 110 မိနစ်တွေမှာ Lyon တို့ နှစ်ဂိုး ထပ်ရသွားပြန်၏။
United ၏ Semi Final အိပ်မက်က ပြီးဆုံးလုနီးပါး ရှိသွားခဲ့ပြီ။ ပွဲသိမ်းခရာ မမှုတ်သရွေ့ ငါတို့ မရှုံးသေး ဆိုသည့် စိတ်မျိုးနဲ့ လက်ကျန် မိနစ်တွေမှာ United တို့ အကောင်းဆုံး ကြိုးစားကစား၏။ ကြိုးစားမှုက အရာထင်၏။ ကံတရားကလည်း ပြန်လည်လို့ ဖေးမခဲ့၏။ 114, 120, 120+1 မိနစ် (6 မိနစ် အတွင်း) 3 ဂိုးဆက်တိုက် ပြန်လည် သွင်းယူပြီး Semi Final တက်ခွင့်ကို အရယူသွားခဲ့၏။ 5-4 ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း 7-6 ဖြင့် United တို့ Semi Final သို့ တက်လှမ်းသွားခဲ့လေတော့၏။
Epic come back လုပ်ပြနိုင်ခဲ့လို့ ဝမ်းသာ ပျော်ရွှင် ရပေမယ့် တကယ်ဆိုရင် အချိန်ပိုတွေထိ သွားရမယ့် ပွဲမျိုး မဟုတ်ပေ။ ပထမပိုင်းမှာ ကိုယ်တွေက 2-0 ဖြင့် အနိုင်ရထားသည် မဟုတ်လား။ ပြီး ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရခဲ့၏။ အဆုံးသတ်သာ သေချာခဲ့မယ် ဆိုရင် ဂိုးပြတ် ရလဒ်ဖြင့် နောက်တဆင့်ကို အေးဆေးလေး တက်ခွင့်ရမည် ဖြစ်၏။ ခုထိတော့ နောက်ကနေ အသဲအသန် ပြန်လိုက်ကစား ခဲ့ရ၏။ ပြန်လာနိုင်ခဲ့တာကိုပဲ တော်ပါသေးရဲ့ ဆိုပြီး ကျေးဇူးတင်ရပေလိမ့်မည်။
Semi Final မှာတော့ စပိန်ကလပ် Athletic club နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ နောက်ထပ် England Club အသင်း ဖြစ်သည့် Tottenham သည်လည်း Semi Final အဆင့်သို့ တက်လှမ်း နိုင်ခဲ့၏။ Tottenham ကတော့ Semi Final အဆင့်မှာ နော်ဝေးကလပ် Bodo/Glimt အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။
နောက်ထပ် London ကလပ်အသင်း ဖြစ်သည့် Chelsea အသင်းကလည်း Conference League မှာ Semi Final အဆင့်သို့ တက်လှမ်း နိုင်ခဲ့၏။ တခြားအသင်းတွေကို လျော့တွက်တာတော့ မဟုတ်ပေမယ့် Conference League မှာတော့ Chelsea အသင်းသာ ချန်ပီယံ ဖြစ်မည်ဟု ထင်မိပါ၏။
(photos from Facebook pages)